ရန်ကုန်က ရပ်ကွက်အသီးသီးမှာ အုပ်ချုပ်ရေးမှူးတွေက ဆန်နဲ့ ဆီဝယ်ခွင့်ရမယ်လို့ ပြောဆိုကာ အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်းမိတ္တူတွေကို တောင်းခံနေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီလို သန်းခေါင်စာရင်းမိတ္တူနဲ့ ဧည့်စာရင်းမိတ္တူတွေအပြင် တချို့ရပ်ကွက်တွေမှာဆိုရင် မိသားစုအလိုက်ရိုက်ထားတဲ့ ဓာတ်ပုံနှစ်ပုံစီကိုလည်း ပေးရပါတယ်။
ဒီလိုတွေပေးရတာဟာ ဆန်နဲ့ ဆီဝယ်ခွင့်ရဖို့အတွက်မဟုတ်ပဲ စစ်ကောင်စီဘက်ကနေ ရပ်ကွက်အလိုက် တအိမ်တက်ဆင်းလိုက်လံစစ်ဆေးနိုင်ဖို့ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီမိတ္တူတွေတောင်းပြီး သုံးလေးရက်လောက်ကြာတော့ စစ်သားရယ်၊ ရဲရယ်၊ ထွေအုပ်ရယ်၊ အုပ်ချုပ်ရေးမှူးတွေလာပြီး ဘာအလုပ်လုပ်လဲ၊ သန်းခေါင်စာရင်းထဲက တယောက်က အိမ်မှာမရှိရင် ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ အကုန်မေးတာ။
နယ်ဝေးရောက်နေရင်လည်း ဖုန်းဆက်ခိုင်းပြီး အတည်ပြုသေးတာ။ ဆန်နဲ့ ဆီပေးမယ်ဆိုတာ အလကားလျှောက်ပြောတာ။ PDF တွေဝင်နေတယ်ထင်လို့ လိုက်စစ်နေတာလို့ ရွှေပေါက္ကံ ၁၈ ရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။
ဒီလို အိမ်ထောင်စုစာရင်းတွေနဲ့ ဧည့်စာရင်းစာရွက်တွေကို နှစ်စုံစီပေးရတဲ့အတွက် ရန်ကုန်မြို့ခံ ပြည်သူတွေဟာ ရပ်ကွက်အလိုက်ဖွင့်ထားတဲ့ မိတ္တူဆိုင်တွေမှာ တန်းစီပြီး မိတ္တူကူးနေကြ ရပါတယ်။
စစ်ကောင်စီဟာ ရပ်ကွက်တွေအပြင် ဟိုတယ်၊ တည်းခိုခန်း၊ အဆောင်တွေကိုတင်းကျပ် လုပ်နေပြီး လာရောက်တည်းခိုသူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကို နေ့စဉ်ပေးပို့ဖို့ ညွှန်ကြားထားပြီး မှတ်ပုံတင်မပါပဲ တည်းခိုသူတွေရှိရင် လက်မခံဖို့တွေလည်း ညွှန်ကြားထားတယ်လို့ အဆောင်ပိုင်ရှင်တွေထံက သိရပါတယ်။
လှိုင်သာယာမှာလည်း ဒီရက်ပိုင်းအတော်ခြေရှုပ်နေတယ်။ အဆောင်တွေကိုလည်းမကြာခဏ ဧည့်စာရင်းစစ်တာတွေ လုပ်တယ်။
တချို့ကလေးတွေကနယ်ကတက်လာပြီး အလုပ်ရှာနေတုန်းပဲရှိသေးတယ်။ အလုပ်မရှိလို့ PDF ပါဆိုပြီး ဖမ်းသွားတာခံရသူတွေလည်းရှိတယ်လို့ ၃ ထိပ် မှတ်တိုင်အနီးမှာ အဆောင်ဖွင့်ထားသူ တဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းကတိုက်ပွဲတွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာပြီး အိမ်ငှားရ ခက်ခဲလာသလို၊ ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေနဲ့ကြုံတွေ့နေကြရ ပါတယ်။