တရုတ်ငွေဈေးတက်ပြီး ငွေဈေးမတည်ငြိမ်မှုကြောင့် မူဆယ်နယ်စပ်က ဈေးရောင်းဝယ်သူတွေ ပိုမိုခက်ခဲလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကုန်စုံဆိုင်ဖွင့်သူ အမျိုးသမီးတယောက်က “တရုတ်ငွေဈေးက အရမ်းဈေးတက်သွားရင် ဈေးဆက်ရောင်းလို့ကို မရဝောာ့တာ” လို့ ပြောပါတယ်။
တချို့ဈေးသည်တွေ၊ ဆိုင်တွေဝောာင် တရုတ်ငွေဈေး အရမ်းထိုးတက်သွားရင် ဆိုင်ပိတ်လိုက်တာမျိုးတောင် ရှိတယ်လို့ သူကပြောပါတယ်။
“ဈေးက မရောင်းရတာလည်း မဟုတ်ဘူး။ ရောင်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နေ့က ဒီ ဆေးလိပ်တဖာကို ၁၂ သိန်းနဲ့ ဝယ်လာတယ်။ ကျမ အမြတ်တင်ပြီး ရောင်းတယ်။ ၁၅ သိန်းနီးပါး ပြန်ရတယ်။ ဒီနေ့ အဲဒီဆေးလိပ်ပဲ တဖာ ပြန်ဝယ်မယ်ဆိုတော့ တဖာ ၁၈ သိန်းတဲ့။ ရောင်းရင်း အရင်းပြုတ်ပြုတ်နေတာ။”
အမြတ်လည်းတင်ရောင်းရာမှာ ကုန်ပစ္စည်းတွေ ကုန်သွားပေမဲ့ ကုန်ပစ္စည်းပြန်ဝယ်ဖို့ အရင်းမလုံလောက်ဘဲ ပိုခက်ခဲလာနေတာလို့ သူကပြောပါတယ်။
တနိုင်တပိုင် ပန့်ဆီဆိုင်ဖွင့်တဲ့ အမျိုးသားတယောက်က “တရုတ်ငွေဈေးတွေ တက်လို့ တချို့ဆို ဆိုင်တွေတောင် ပိတ်ကုန်ပြီ။ ငွေဈေးက မငြိမ်တော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
တရုတ်ငွေဈေးတက်ရင် ရောင်းလိုက်တဲ့ဈေးနဲ့ ပြန်ဝယ်လို့ မရသလို ငွေဈေးပြန်ကျရင်လည်း ဈေးကြီးပေးဝယ်ထားရတဲ့ ဆီတွေ မကုန်သေးတဲ့အတွက် ဈေးချရောင်းလို့မရ ဖြစ်နေပြီး ဈေးမချရင်လည်း ဝယ်သူမရှိ ဖြစ်နေတယ်လို့ သူကပြောပါတယ်။
မြန်မာပြည်ထွက်ကုန်တွေ ကျတော့လည်း လမ်းပိတ်၊ လမ်းကြမ်းလို့ ကားခတွေ ဈေးအရမ်းများနေလို့ ဈေးတက်တာဖြစ်ပြီး တရုတ်ကုန်တွေကျတော့လည်း မြန်မာဘက် အဝင်ဂိတ်မှာ တခါနဲ့တခါ ပေးဆောင်ရတာ မတူလို့ ကုန်ကျစရိတ်လည်း မတူတော့ဘဲ ကုန်ဈေးနှုန်းလည်း ပုံသေသတ်မှတ်လို့မရ ဖြစ်နေတာ၊ တရုတ်ငွေဈေးကျမှ ကောင်းမယ်လို့ ဆိုပါတယ်။
မူဆယ်မှာတော့ တရုတ်ငွေဈေး အတက်အကျ မငြိမ်တာကြောင့် တရုတ်ငွေနဲ့ပဲ တွက်ယူနေကြပြီး ဝယ်ဈေး၊ ရောင်းဈေးတွေ တဆိုင်နဲ့တဆိုင် မတူဘူးလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခုက ဘာဝယ်ဝယ် တရုတ်ငွေနဲ့ပဲ တွက်ယူတော့တာ။ မနေ့ကဈေးနဲ့ ဒီနေ့ဈေးလည်း မနိုင်နိုင်ဘူး။ တရုတ်ငွေဈေး အတက်အကျပေါ် မူတည်သွားတာ။ မြန်မာငွေနဲ့ပဲ ဝင်ငွေရတာ တရုတ်ငွေနဲ့တွက်ပြီး ဝယ်စားနေရတော့ ပိုခက်ခဲလာတာပေါ့။”
ပြီးခဲ့တဲ့ တပတ်ကျော်လောက်က တရုတ်ငွေယွမ် ၁၀၀ ကို မြန်မာငွေ တသိန်းကျော်အထိ နာရီပိုင်း စျေးထိုးတက်သွားလို့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ငွေလဲလှယ်သူတွေကို တသိန်းကျော်ရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတာ ရှိတယ်လို့ ကြားရကြောင်း၊ အဲဒီနောက် ယွမ် ၁၀၀ ကို ၉၀,၀၀၀ ကျော် ဈေးပေါက်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၅၀,၀၀၀ ကျော်အထိ ပြန်ထိုးကျသွားကာ လက်ရှိမှာတော့ ယွမ် ၁၀၀ ကို ကျပ် ၇၈,၀၀၀ ရှိနေတယ်လို့ သူကပြောပါတယ်။
အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် အရှေ့ပိုင်းမှာတော့ မူဆယ်နယ်စပ်မှာ ယွမ် ၁၀၀ ကို မြန်မာကျပ် ၂၀,၀၀၀ ဝန်းကျင်သာ ဈေးရှိပါတယ်။