Home
မြန်မာသတင်း
မူဆယ်တွင် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နှင့် ကတ်ထုတ်ပေးမှု ရပ်ဆိုင်းနိုင်
DVB
·
August 5, 2024

မူဆယ်ကနေ တရုတ်ဘက်ကူးဖို့ မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် တခါသုံးဖြတ်ကျော်ခွင့်ကတ်နဲ့ စာအုပ်တွေ ထုတ်ပေးတာ ယာယီရပ်နားဖို့ သတင်းတွေ ထွက်ပေါ်နေပြီး မူဆယ်မြို့တွင်းမှာ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မှာ မြန်မာ - တရုတ် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီ (BP)နဲ့ ယာယီနယ်စပ် ဖြတ်‌ကျော်ခွင့်ကတ် ထုတ်ပေးမှု ရပ်ဆိုင်းဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်  ဌာနဆိုင်ရာကို အတည်ပြုဖို့ ကြိုးစားရာမှာတော့ တရားဝင်ဖြေကြားဖို့ အဆင်မပြေတဲ့အတွက် သတင်းတွေ ထွက်ပေါ်နေတာ မှန်ကန်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က အတည်ပြုပေးပါတယ်။

“စာအုပ်အနီနဲ့ တခါသုံးကတ်တွေ ထုတ်ပေးတာ ၃ လလောက် ပိတ်မယ်လို့တော့ကြားတယ်။ ဘယ်တော့ အတိအကျတော့ မသိရသေးပါဘူး။ လားရှိုးမှာ စစ်ဖြစ်သွား‌တော့ စာအုပ်တွေ သယ်ယူရတာ အဆင်မပြေတော့ဘူးလေ။ စာအုပ်အရေအတွက် နည်းသွားလို့ပါ။ စိုးရိမ်စရာ ဖြစ်တာပေါ့။ ရဟတ်ယာဉ် မလာတော့ စာအုပ်ရ သယ်ရခက်တယ်။”

စစ်ကောင်စီနဲ့ လက်အောက်ခံဌာနဆိုင်ရာအဖွဲ့တွေရဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်လာရင် မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဖမ်းဆီးဖျက်ဆီးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ စစ်တပ်ပိုင်ရဟတ်ယာဉ်က မူဆယ်မြို့ကိုလာမှ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ယာယီနယ်စပ် ဖြတ်‌ကျော်ခွင့်ကတ်တွေ သယ်ယူ လာတာဖြစ်တဲ့အတွက် လက်ကျန် စာအုပ်နဲ့ကတ်တွေ ကုန်သွားတဲ့အခါ ယာယီရပ်ဆိုင်းသွားမှာလည်း ဖြစ်ပါတယ်။

မူဆယ် ဒေသခံတွေအနေနဲ့ကတော့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ပတ်သက်လို့ သတင်းအတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ တဖက်မှာလည်း ပြည်မဘက်နဲ့ ကုန်သွယ်မှုက လုံးဝရပ်ဆိုင်းသွားပြီး တရုတ်နိုင်ငံဘက်ကနေသာ ဝယ်ယူစားသောက်နေရတဲ့အတွက် ဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်နေတယ်လို့ မူဆယ်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ စမတ်ကတ်တွေ လုပ်ပေးလိုက်သေးတယ်။ စမတ်ကတ်လုပ်ဖို့ တုံကင်တွေ ပေးလိုက်တယ်ပေါ့။ ဒီနေ့ထိတော့ လုပ်ပေးသေးလား၊ မပေးလား ကျနော် မသိသေးဘူး။ ကုန်သွယ်မှု အခြေအနေကတော့ တော်တော်လေးကို ရပ်ဆိုင်းသွားတဲ့ အနေအထားရှိတယ်။ မူဆယ်နဲ့ နမ့်ခမ်းမှာ ရှိတဲ့ စားသုံးသူတွေအတွက်လောက်ပဲ အေးခဲ အသားငါးရော ကုန်စိမ်းတွေရော ခွင့်ပြုပြီးတော့မှ စားနေရတာရှိတယ်။ ပြောရရင်တော့ နှစ်မြို့စာသုံးဖို့လောက်ပဲ ရှိတယ်။ ဆန်ကလည်း ဈေးတက်သွားတယ်လေ၊ ဆီရောပဲ အကုန်လုံးဈေးတက်တယ်။ မြန်မာဆန်တွေကတော့ ဈေးတက်တယ်ဆိုတာတော့ သေချာပြီလေ။  လက်ဖက်ထုပ် တထုပ်ဟာ အရင်က နှစ်ထောင်ဟာ တခု ခြောက်ထောင်ဖြစ်သွားတယ်။”

လက်ရှိမှာ မူဆယ်-တရုတ် နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ နန်းတော်ဂိတ်ကနေ လူ တနိုင်စာ ခွင့်ပြု ပစ္စည်း သယ်ယူခွင့်ပြုထားပြီး  ဆင်ဖြူ ဂိတ်ပေါက်ကနေတော့ လူ၊ ဆိုင်ကယ်၊ ၄ ဘီးကား နဲ့ ခွင့်ပြု ပစ္စည်းတွေ အဝင်အထွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013