Home
မြန်မာသတင်း
လားရှိုးတိုက်ပွဲမဝင်ဘဲ  မူဆယ်တွင်တိမ်းရှောင်နေသည့်  စစ်တပ်အရာရှိအချို့ ဖမ်းဆီးခံရ
DVB
·
August 1, 2024

လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်နေချိန်မှာ ရမခတိုင်းနဲ့ ပူးပေါင်းမတိုက်ဘဲ မူဆယ်မြို့ကို သွားရှောင်နေတဲ့ ခြေလျင်၊ ခြေမြန်က အရာရှိတချို့ကို ဇူလိုင် ၂၈ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ထပ်မံတိုက်ခိုက်နေချိန် ပြန်လည်တိုက်ခိုက်ဖို့ လူစစ်ဆေးရာက အရာရှိအချို့ ပျောက်နေတဲ့အတွက် ရှောင်တိမ်းနေသူတွေကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကိုးကန့်တွေ ရမခကို တိုက်နေတယ်၊ ရှော့တိုက်ဒုံးတွေနဲ့ပစ်တယ်၊ စုဖွဲ့ထားတဲ့တပ်တွေက ဦးဆောင်တဲ့ အရာရှိတွေက ပျောက်နေတယ်၊ မူဆယ်မှာ သွားရှောင်နေတယ်၊ ၅ ဦး ပြန်ဖမ်းမိတယ်။”

မူဆယ်မြို့မှာ ဖမ်းဆီးရမိသူတွေဟာ ဒုဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ဗိုလ်မှူး မင်းမင်းသန်း၊ ဗိုလ်မှူး ဝင်းမောင်၊ ဗိုလ်ကြီး ရွှေလှ၊ ဗိုလ်ကြီး ကောင်းပြည့်စုံတို့ ဖြစ်တယ်လို့ ရမခတိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ခွာစစ်ဆင်လာတဲ့တပ်က အကြီးပိုင်းတွေ ရမခထဲမှာ တပ်တွေ အကုန်ပြန်စုနေတယ်။ ညက ရမခထဲက ရှော့တိုက်ဒုံးကျတာ ၃ ဦးသေတယ်။ ထိုးစစ်ဆင်ဖို့က လူမရှိသလောက်ဖြစ်သွားပြီ၊ ပြေးတဲ့သူ ပြေးကုန်ပြီ။”

လက်ရှိ လားရှိုးနဲ့ ရမခတိုင်း အခြေအနေမှာ ရှုပ်ထွေးနေပြီး စစ်ခေါင်းဆောင်တွေက လားရှိုးမြို့နဲ့ ရမခတိုင်းကို MNDAA လက်ကို မပေးရရေးအတွက် ညွှန်ကြားနေပေမဲ့ ဦးဆောင်မယ့်သူမရှိဘူးလို့ သူကပြောပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ရမခတိုင်းက အရာရှိစစ်သည်တွေရဲ့ ပြောဆိုချက်အရ ဗိုလ်မှူးကြီး သန့်ဇင်ဝင်း၊ ဒုဗိုလ်မှူးကြီး ဟိန်းတေဇာ၊ ဗိုလ်မှူး အောင်ထွန်း အပါအဝင် အရာရှိ၊ စစ်သည်အချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး အိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဇူလိုင် ၃၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၉ မှာ ကုန်စုံဆိုင်တဆိုင် မီးလောင်ပြာကျသွားပြီး ဇူလိုင် ၂၉ ရက်နေ့ကလည်း လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုကြောင့် မြို့တွင်းက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဆိုင်ခန်းနဲ့ အိမ် ၁၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ပွဲကာလ ၃၆ ရက်အတွင်း စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာကြောင့် အရပ်သား ၁၃၃ ယောက်သေဆုံး၊ ၁၇၀ ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းမှာ မိုးမိတ်မြို့က စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်တဲ့ စကခ ၂၁၊ ခလရ ၃၄၈ မိုးမိတ်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီတပ်က ဗျူဟာကုန်းနဲ့ ဒိုးပင်ရွာကို Y 12 လေယာဉ်နဲ့ ဗုံး ၅၉ လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာလည်း နောင်ချိုမြို့နယ်၊ ရွှေမုဋ္ဌောရွာကို အင်အားဖြည့်ဖို့လာတဲ့ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013