ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မှာ ဇွန် ၁၂ ရက်နေ့ မနက်က သေနတ်ကိုင်ထားတဲ့ အုပ်စုက ခြိမ်းခြောက်ပစ်ခတ်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က ဇွန် ၁၂ ရက်နေ့ မနက် ၇ နာရီကျော်၊ ၇ နာရီခွဲ လောက်မှာ ဖြစ်တာ။ ဆိုင်ကယ်ပေးဖို့ အတွက်ကို တောင်းတာ။ တောင်းတော့ မပေးလို့ဆိုပြီး သေနတ်နဲ့ ခြိမ်းးခြောက်ပစ်သွားတာ။ သေ နတ်ကိုင်ထားတာ ဘယ်သူက လုပ်ရဲမလဲဗျ” လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။
မူဆယ်မှာက လွတ်လပ်လုံခြုံမှု မရှိတော့တဲ့အပြင် တရာမျှတမှု၊ တရားဥပဒေစိုးမိုးမှုပါ မရှိတောပဲ အုပ်ချုပ်ရေး ပျက်ပြားနေပြီလို့ ဆိုပါတယ်။
CCTV မှတ်တမ်းမှာတော့ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဆီက ဆိုင်ကယ်ကို ကားငယ် အဖြူရောင်လိုက်လာပြီး လူ ၃ ဦးက သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်၊ ကန်ကြောက်ပြီး ဆိုင်ကယ်လုယူကာ လုယူသူတွေထဲက တဦးက ဆိုင်ကယ်စီး ထွက်ပြေးသွား တာကို တွေ့ရပါတယ်။
“ကျနော်တို့ အိမ်နားမှာ ဖြစ်တာ။ မနေ့က ဇွန် ၁၂ ရက်မနက်။ မူဆယ်၊ ဟိုမွန် ရပ်ကွက်၊ ယူကလစ်ကုန်း လမ်းမှာ။ မနက် ၇ နာရီခွဲ လောက်က ဆိုင်ကယ် သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လုယက်၊ ဓားပြတိုက်သူတွေက သေနတ်တွေ ပါလာပြီး အနီးနားဝန်းကျင်က လူတွေကိုပါ ခြိမ်းခြောက်တာကြောင့် ဘယ်သူမှ မကူညီရဲဘူးလို့ ဆိုပါတယ်။
မူဆယ်မှာတော့ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက် ကတည်းက ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လုယက် တာတွေ ဖြစ်လာပြီး အစပိုင်းမှာတော့ ကလေးသူငယ်တွေကို ဖမ်းဆီး ပြန်ပေးဆွဲတာတွေ လုပ်ပြီးနောက် မြို့မျက်နှာဖုံး လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ၊ စားပြတိုက် လုယက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လမ်းဘေး ဈေးသည်ကအစ သံတိုသံစ ရောင်းဝယ်သူ၊ ကုန်စိမ်းဈေးသည်၊ ဆိုင်ကယ် ဝပ်ရှော့ဆိုင်ရှင်တွေကိုပါ ခြိမ်းခြောက် ပြန်ပေးဆွဲလာပြီးနောက် လက်ရှိမှာတော့ မြို့တွင်း ဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူတွေကို အုပ်စုဖွဲ့၊ လက်နက်ကိုင် ခြိမ်းခြောက်ကာ လိုက်လံ လုယက်လာနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်ကလည်း လုပ်ငန်းရှင်တဦး ထပ်မံ ပြန်ပေးဆွဲ ခံရသလို မေ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်ကလည်း မူဆယ်မြို့ရပ်ကွက်တခုမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား တယောက်ကို အဖြူရောင် ကားတစီးပေါ်က လူ ၃ ယောက် ပြန်ပေးဆွဲဖို့ ဖမ်းဆီးခဲ့တာမှာ ဆိုင်ကယ်စီးလာသူက ရုန်းကာ ထွက်ပြေးနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ကြောင်း၊ မေ ၁၉ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ကလည်း ၄၅ ကုန်း၊ လမ်းသွယ် ၅ နားမှာ ကားမောင်းတဲ့ အမျိုးသမီး ၂ ယောက်ကို အမျိုးသား ၄ ယောက်က သေနတ်ထောက် ခြိမ်းခြောက်ပြီး ရွှေလက်စွပ်၊ ဆွဲကြိုးနဲ့ ဖုန်းတွေ လုယက် ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
မူဆယ်မှာတော့ စစ်တပ်၊ ရဲ နဲ့ ပြည်သူ့ စစ်အသိုင်းအဝိုင်းတွေသာ လက်နက်ကိုင်ဆောင် သွားလာ ခွင့်ရှိတယ်လို့ ဆိုပါတယ်။