ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ကျေးရွာအတွင်း ကျွဲတကောင် ဝင်ခတ်သဖြင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတွေဆီက သိရပါတယ်။
ဇွန်လ ၂၂ ရက် ညနေ ၅ နာရီမှာ ထော်လာဂျီပေါ်မှာ တင်ဆောင်လာတဲ့ ကျွဲမတကောင် လွတ်သွားပြီး ကျေးရွာအတွင်းမှာရှိတဲ့လူတွေကို လိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းယု ၁၀၅ မိုင် နယ်မြေ ၃ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ယာကြာအေး သေဆုံးခဲ့ပြီး လူအယောက် ၂၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကူညီပေးခဲ့တဲ့ ပရဟိတသမား တဦးက“ထော်လာဂျီပေါ်က ချတာ၊ ကျွဲကလွတ်ပြီး ကြိုးတန်းလန်းနဲ့ ထွက်ပြေးတာ၊ သူ သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ လူတွေရော ဆိုင်ကယ်တွေရော ဝှေ့သွားတာ၊ လူကြီးတွေပဲ ထိခိုက်တာပါ၊ ကလေးတွေတော့ မပါဘူး၊ ကျွဲကိုတော့ ပစ်ခတ်ရှင်းလင်းလိုက်ပြီ” လို့ ပြောပါတယ်။
သေဆုံးသူရဲ့အလောင်းကို ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုင်းယု ၁၀၅ မိုင်ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့သူ ၉ ဦးက ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။