ဆေးရုံခုတင်တလုံပေါ်မှာ လူငယ်တဦး ဒိုက်ထိုးလေ့ကျင့်နေသည်။ သာမန်လူဆိုရင်တော့ အံဩစရာမရှိ၊ ယခုလူငယ်မှာ ခြေတဖက်မရှိဘဲ ရယ်ရယ်မောမော ဒိုက်ထိုးလေ့ကျင့်နေတာက ထူးဆန်းသည့် မြင်ကွင်းတခုမို့ အံဩမှင်တက်မိသည်။ ဆေးရုံတာဝန်ကျ ဆရာဝန်၊ ဆရာမတွေ မရှိခိုက်မှာ သူ ဘယ်လောက်သန်မာသေးကြောင်းကို သူငယ်ချင်းဖြစ်သူတွေကို လက်တွေ့ပြနေတာ ဖြစ်သည်။ သူ့မှာ ခြေတဖက်မရှိတော့တာကို အရေးမလုပ်ကြောင်း ဘာအပူအပင်မှမရှိကြောင်း ပြသနေတာဖြစ်သည်။ သူ့နာမည်က ကေတူးလို့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေက ခေါ်ကြသည်။ အသက် ၂၅ နှစ်အရွယ် သန်သန်မာမာ လူငယ်တဦး။ ဘာကြောင့် ခြေတဖက်ပြတ်ခဲ့တာလဲ စိတ်ဝင်စားဖို့ ကောင်းလှသည်။
၂၀၂၁ စစ်အာဏာသိမ်းတော့ ကေတူး ဖြစ်လာမည့် သက်အောင်တယောက် တနင်္သာရီတိုင်းအတွင်းက မြို့တမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းတော့ အာဏာရှင်ကို လက်နက်ကိုင်တိုက်မှ အဆင်ပြေတော့မည်ဟု တွေးကာ တောခိုဖို့ ဖြစ်လာသည်ဟု ပြောသည်။
“ကျနော်တို့က အာဏာသိမ်းပြီးတော့ သိပ်မကြာဘူး တောထဲကိုစရောက်တာ။ ဒီအချိန်တုန်းက ကျနော်တို့ကို ၁၅ ရက်သင်တန်းပဲ ပေးတယ်။ PDF ဆိုတာ မပေါ်သေးဘူးပေါ့။ CRPH စဖွဲ့စကပေါ့၊ အဲအချိန်တည်းက တောထဲကိုရောက်နေတာ။ ၁၅ ရက်သင်တန်းပဲပေးတယ်။ အဲဒီ ၁၅ ရက်သင်တန်းကို တက်လာတာပေါ့။ အဲဒါပြီးတော့ မြို့ထဲကိုပြန်ဝင်တာ။ ဒလန်ရှင်းလင်းရေးလုပ်မယ် ဆိုပြီးတော့ မြို့ထဲကိုပြန်ဝင်တာပါ။”
အဲဒီမစ်ရှင်တွေအပြီးမှာတော့ သူဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တခုမှာ အခြေခံစစ်သင်တန်းနဲ့ ကွန်မန်ဒိုသင်တန်းတွေကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ရသည်။ နောက်ပိုင်းမှာ သူဟာ သူ့ဇာတိနယ်မြေကို ပြန်လာခဲ့သည်။
“တပ်မဟာ ၆ ကနေ ကျနော်တို့က ကိုယ့်နယ်ကို ကိုယ်ပြန်လာတာ၊ တနင်္သာရီကို ပြန်သွားရတာပေါ့။ မြိတ်ခရိုင်တပ်ရင်း ၁ ပုလော PDF မှာ ကျနော်တို့ စပြီးတော့ တာဝန်ထမ်းဆောင်ရတာပေါ့။ စတုန်းကတော့ တပ်ရင်းမှူးရဲ့ PSO အနေနဲ့ စပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်ရတယ်။”
အရင်က ခဲနှင့် သတ္တုတူဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သည့် ကေတူးတယောက် သန်မာသည်၊ သွက်လက်သည်။ အထက်လူကြီးများလည်း တက်တက်ကြွကြွရှိသည့်အတွက် ကေတူးတယောက် SOS မွမ်းမံသင်တန်းတက်ပြီးသည့် နောက်မှာတော့ တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်စေခဲ့သည်။ တိုက်ပွဲအတွေ့အကြုံများလာတဲ့ ကေတူးတယောက် ဦးဆောင်တိုက်ရတဲ့ တိုက်ပွဲတွေ တဖြည်းဖြည်းများလာသည်။ ကေတူးအတွက် ကံကြမ္မာဆိုးတခု ဝင်လာချေပြီ။
၂၀၂၄ ခုနှစ် မေလအတွင်း ပဲဒက်စစ်ဆင်ရေးမှာ KNU စစ်ကြောင်းမှူးတဦးနှင့် ပူးပေါင်းဦးဆောင်ပြီး စခန်းသိမ်းတိုက်ပွဲတခု ဆင်နွှဲခဲ့ရသည်။ ရန်သူ့စခန်းကို သိမ်းပိုက်ဖို့ လုပ်ရင်းနဲ့ မေလ ၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာ ကေတူး မိုင်းနင်းမိသည်။
“ကျနော်က စခန်းအနီးပတ်ဝန်းကျင်ကို မီးရှို့ဖို့ဆိုပြီးတော့ စခန်းဟိုဘက်မှာလည်း ကျနော်တို့ ရှို့ထားတယ်။ အဲဒါ ကျနော်က အနီးအနားက အိမ်တွေမှာ ဝါးလုံးနဲ့ လုပ်ထားတဲ့ မီးချိပ် မီးဂေါက်ကို ယူပြီးတော့ သွားလုပ်တာ၊ အဲဒီအချိန်မှာ ရဲဘော်တွေက ထမင်းစားနေတာ။ ရဲဘော်တွေကို ညီလေးတို့ ထမင်းစားရင် စားနှင့်ဦး အစ်ကို သွားလုပ်မယ် ဆိုပြီးတော့ သွားတာ။ သူတို့က အစ်ကိုမသွားနဲ့၊ ပြီးရင် ကျနော်တို့ လုပ်ပေးမယ် ဆိုပြီးတော့ ပြောသေးတယ်။ အဲဒီမှာ နင်းမိသွားတာပဲ” ဟု ဆိုသည်။
မိုင်းနင်းမိပြီတော့ ပေါက်ကွဲချိန်က သူ့ခံစားချက်ကိုလည်း အခုလိုပြောသည်။
“အဲအခြေအနေမှာ ဖြစ်တာကတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် သေလူလို့ ထင်လိုက်တာ။ ပထမ တက်နင်းတုန်းကတော့ အောက်ပိုင်းတခုလုံး မရှိတော့ဘူးလို့ ထင်လိုက်တယ်။ ရဲဘော်တွေက လာဆွဲဖို့လုပ်တော့ ကျနော့်စိတ်ထဲမှာက စစ်ကောင်စီ ကိုင်တဲ့ MA4 လား၊ ကျည်ဆန်အကြီးကြီးတွေနဲ့လေ၊ အဲဒါနဲ့ ပစ်ခံရတယ်လို့ ထင်လို့ ကျနော့်ရဲဘော်က ကျနော့်လာကယ်ရင် သူထပ်ပစ်ခံရမယ်ထင်လို့ ကျနော်က ကျောပိုးအိတ်ကိုပဲ ပစ်ပေးပြီးတော့ လက်တဖက်နဲ့ တွားသွားနေတာ။ ကျနော့်ရဲဘော်က မကြည့်ရက်လို့ ကျနော့်ကို လာထမ်းခဲ့တာ” ဟု ပြန်ပြောပြခဲ့သည်။
နောက်ပိုင်းတွင် တပ်ခွဲမှူး ကေတူး ဆေးရုံသို့ ရောက်သည်။ ခြေထောက်တဖက် ဖြတ်ခဲ့ရသည်။ သို့သော် သူ့စိတ်ထဲတွင် ခြေထောက်ကို အာရုံမထားနိုင်၊ တော်လှန်ရေးအတွက် စိတ်ရောက်နေပုံရသည်။
“စိတ်ထဲမှာတော့ ကြီးကြီးမားမားတော့ မစိုးရိမ်ပါဘူး။ ကျနော်က ပြည်သူအတွက် ပေးဆပ်ထားပြီးသားပဲလေ။ ခြေထောက်ဖြတ်ပြီးရင် တိုက်ပွဲထဲကို ပြန်ဝင်လို့ရပါမလား။ တိုက်ပွဲထဲကို ပြန်မဝင်ရမှာပဲ စိုးရိမ်တယ်။ အဲဒီစိုးရိမ်တာတခုပဲ ခေါင်းထဲမှာ ရှိတယ်။ ကျန်တာ ဘာမှမစိုးရိမ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ညီအစ်ကိုတွေက ငါ့ရှေ့မှာ အသက်တွေ ပေးသွားတယ်။ ခြေပြတ်ထားတဲ့ ညီအစ်ကိုတွေလည်း အများကြီးရှိတယ်။ ငါလည်း တိုက်ပွဲတိုက်နေရင်းနဲ့ ဖြစ်တာကွာ၊ စစ်သားပဲ battle ဆိုင်တဲ့ပွဲပဲ ဖြစ်တတ်တယ် ဆိုပြီးတော့ အဲလိုပေါ့” ဟု ပြောသည်။
တော်လှန်ရေး စလုပ်တည်းက အဆက်အသွယ်ပြတ်နေသည့် မိသားစုကို တပ်ခွဲမှူး ကေတူး ဖုန်းဆက်အသိပေးသည်။
“ကျနော် အခုဖြစ်လာမှ မိသားစုနဲ့ ဖုန်းလေးဘာလေး ပြောကြတော့ ငိုကြတယ်လေ။ ဒါပေမဲ့ သူတို့ကလည်း ဂုဏ်ယူပါတယ် ကျနော့်အတွက်၊ ကျနော်ကလည်း ပြောထားပြီးပြီ၊ အသက်သေသွားရင်တောင်မှ ဂုဏ်ယူပြီးနေလိုက် ကျနော့်အတွက်။ အခုက ကျနော် ပြည်သူအတွက် ပေးထားတာ ခြေတဖက်၊ လက်နဲ့ပြောမယ်ဆိုရင် ၂ ထွာလောက်ပဲရှိသေးတယ်။ ကျနော် ပြည်သူအတွက် ပေးထားတာ ၂ ထွာလောက်ပဲရှိသေးတယ်” ဟု မိသားစုကို ဆက်သွယ်အသိပေးပုံကို ပြောပြသည်။
နောက်ပိုင်းမှာ မြိတ်ခရိုင် PDF မှ တာဝန်ရှိလူကြီးများက သူ့ကို လာရောက်ကြည့်ရှုပြီး အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် ပြောသည်။ တပ်ခွဲမှူး ကေတူးကတော့ ငြင်းပယ်မြဲပင်။
“ကျနော်က မြေပြင်ကို ဆင်းပြီးတော့ အနီးကပ်တိုက်ပွဲတွေ ဝင်ချင်သေးတယ်။ အဲဒီရည်ရွယ်ချက်တခုတော့ ကျနော့်မှာ ကြီးကြီးမားမားရှိတယ်။ ကျနော် အနီးကပ် မပါဝင်ရရင်တောင် တပ်ခွဲမှူးတယောက် ဆိုတော့ ရဲဘော်တွေကို ကျနော် ထိခိုက်သလို မထိခိုက်အောင် အများကြီးလိုက်ပြီးတော့ ကွပ်ကဲလို့ရတယ်။ အဲဒီနေရာကို မသွားနဲ့ အဲဒီနေရာမှာ မိုင်းရှိတယ်။ နေရာဘယ်လိုယူရမယ် ဆိုတာမျိုးတွေတော့ပေါ့။ နောက်တခုက ကျနော်က ဒုတိယစည်းလောက်မှာ နေပြီးတော့ ထိခိုက်ဒဏ်ရာရလာတဲ့ ရဲဘော်တွေ သွေးမလွန်အောင် သွေးထိန်းဆေးတွေ ထိုးပေးမယ်၊ ပတ်တီးတွေ စည်းပေးမယ်၊ အဲဒီတာဝန်မျိုးတွေ ဆက်ပြီးတော့ ယူလို့ရတာပေါ့နော်” ဟုဆိုသည်။
သူတို့ဒေသတွင် မိုင်းထိထားသူ တော်တော်များများ ရှိနေသည့်အတွက် သူတို့ဒေသက ပြည်သူတွေအတွက် မိုင်းပညာပေးစကား အခုလိုပြောသည်။
“ကျနော်တို့ဘက်မှာ တော်တော်များများ ပြည်သူတွေက မိုင်းထိတာ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းထောင်ထားတဲ့ ဧရိယာတွေထဲကို ဝင်တယ်၊ တောတွေထဲကို ဝင်တယ်။ အသီးအနှံတွေ ကောက်စားတာမျိုးတွေ ရှိတယ်။ အဲတော့ နှစ်ဖက်စလုံးက ထောင်တဲ့ မိုင်းတွေ ထိတာမျိုးတွေ ရှိတယ်။ စစ်ဖြစ်တယ်ဆိုတာ ပြည်သူတွေကတော့ တော်တော်သနားစရာကောင်းတယ်။ မြေစာပင်နဲ့တူတူပဲ၊ တော်တော်သနားစရာကောင်းတယ်။ ကျနော်က သတိပေးချင်တာကတော့ ကျနော်တို့ပစ်ထားတဲ့ လက်နက်ကြီးပဲဖြစ်ဖြစ် ရန်သူပစ်ထားတဲ့ လက်နက်ကြီးပဲဖြစ်ဖြစ် တွေ့ရင် လုံးဝမကောက်ပါနဲ့။ အဲဒီနေရာနားကို သေသေချာချာ ကာပြီးတော့ ထားပါ။ မိုင်းရှိသည်ဆိုတဲ့ စာတန်းလေးဖြစ်ဖြစ် ကာပြီးတော့ သက်ဆိုင်ရာ ကျနော်တို့ကို အကြောင်းကြားပါ” ဟု ပြောသည်။
တပ်ခွဲမှူး ကေတူး ခြေတုတပ်ပြီးရင် ပထမဆုံးလုပ်မည့်အလုပ်ကိုလည်း အခုလို ဆိုပြန်သည်။ “ကျနော့်နယ်မြေကို ကျနော် ပြန်ရောက်မယ်ဆိုရင်၊ ဆေးရုံကနေပြီးတော့ ခြေတုတွေ ဘာတွေ ရလို့ ကျနော့်နယ်မြေကို ပြန်ရောက်ရင် ကျနော် မိုင်းပညာပေးတွေ အဓိက လိုက်လုပ်မှာပါ။ ကျနော်တို့နယ်မြေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ကလေးတွေကို လေယာဉ်သံကြားရင် ဘယ်လိုလုပ်ရမယ်၊ မိုင်းပညာပေးတွေ လုပ်ဖို့ရှိတယ်” ဆေးရုံခုတင်ပေါ်မှာ ခြေတုတပ်ဖို့ စောင့်နေသည့် တပ်ခွဲမှူးကေတူး တော်လှန်ရေးပြီးရင် ဘာလုပ်မည် ဆိုသည်ကိုပါ ပြောပြလာသည်။
“ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီ ဆိုတာနဲ့ ကျနော်ကတော့ ကုန်စုံဆိုင်လေးတဆိုင် ဖွင့်မယ်။ အဝတ်ဆိုလည်း အဝတ်စတိုးဆိုင်လေးပေါ့၊ ကျနော်ထိုင်ပြီးတော့ ရောင်းလို့ရမယ့်ဟာမျိုးပေါ့။ ကျနော် မိန်းမယူဖြစ်ရင်လည်း ကျနော့်မိန်းမနဲ့ ကလေးနဲ့ အဲဒီဆိုင်လေးထဲမှာ ကျနော်ထိုင်ပြီးလုပ်ရတဲ့ အလုပ်ပဲ လုပ်တော့မယ်။ ကျန်တာတွေ ကျနော် ဘာမှမလုပ်ချင်တော့ဘူး။ ဒီတော်လှန်ရေးပြီးသွားရင် သေနတ်ဆက်မကိုင်တော့ဘူးဗျာ” ဟု ဆိုရင်း တပ်ခွဲမှူး ကေတူးတယောက် သူ လုပ်စရာရှိသည့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ရယ်ရယ်မောမောနှင့် ဆက်လုပ်နေသည်။
ဖိုးကျော်