အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်တွင်း နေ့စဉ် စိတ်ဖိစီးမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် လုပ်ငန်းခွင်ဆိုင်ရာ သုတေသနနဲ့ အကြံပေးဝန်ဆောင်မှုကုမ္ပဏီ Gallup က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့လုပ်ငန်းခွင်အခြေအနေ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပြီး ဒီထဲမှာ လုပ်ငန်းခွင်တွင်း အလုပ်အကိုင်ရာထူးအပေါ် စိတ်ကျေနပ်မှု၊ ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှု၊ ကုန်ထုတ်စွမ်းအားနဲ့ နိုင်ငံအသီးသီးက အဖွဲ့အစည်းတွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေလို ရှုထောင့်အမျိုးမျိုး ခြုံငုံသုံးသပ် တွက်ချက်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း လုပ်ငန်းခွင်တွေရဲ့ ခေတ်ရေစီးကြောင်းနဲ့ အခြေအနေတွေကို နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာပေးထားတဲ့ Gallup ရဲ့ အစီရင်ခံစာအရ မြန်မာကတော့ လုပ်ငန်းခွင်တွင်း နေ့စဉ် စိတ်ဖိစီးမှု ၄၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ကာ အင်ဒိုနီးရှားကတော့ ၁၆ ရာခိုင်နှုန်းနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေထဲ စိတ်ဖိစီးမှု အနည်းဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက လုပ်ငန်းခွင်တွင်း နေ့စဉ်စိတ်ဖိစီးမှု ၄၆ ရာခိုင်နှုန်းနဲ့ ရှိနေပြီး သူ့နောက်မှာတော့ စင်ကာပူနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ၃၈ ရာခိုင်နှုန်းစီ အသီးသီးနဲ့ ရှိနေတာပါ။
အိမ်နီးချင်း ထိုင်းနဲ့ လာအိုနိုင်ငံတွေကတော့ လုပ်ငန်းခွင်တွင်း နေ့စဉ် စိတ်ဖိစီးမှု ၃၁ ရာခိုင်နှုန်းစီ အသီးသီး ရှိနေပြီး အဲဒီနောက်မှာတော့ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေ ရပ်တည်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ တိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင် ရှားပါးတာတွေနဲ့ ရုန်းကန်နေရကြရပြီး ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေကိုပါ အလူးအလဲ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
Photo- Seasia Stats