Home
မြန်မာသတင်း
မောင်တောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင် ၁,၀၀၀ နီးပါး ပိတ်မိနေ
DVB
·
June 24, 2024

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေအကြား မောင်တော ၃ မိုင်ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၁,၀၀၀ နီးပါး ဆက်လက်ပိတ်မိနေပြီး စားဝတ်နေရေး အင်မတန်ခက်ခဲနေပြီလို့ ကာယကံရှင်က ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ သီဟိုအေးကျေးရွာမှ မြိုလူမျိုး အများဆုံးဖြစ်ပြီး လူဦးရေစုစုပေါင်း ၉၅၉ ဦးလို့ သိရကာ လက်ရှိအချိန်ထိ ကူညီတဲ့အဖွဲ့တွေ မရှိသေးသလို တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ဘယ်ကိုမှထွက်မရ ဖြစ်နေတာလို့ မောင်တော ၃ မိုင်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့  စစ်ရှောင်တဦးက DVB ကို ပြောပါတယ်။

“အခုချိန်မှာက ဘယ်အဖွဲ့က လာကယ်ဦးမလဲ။ သူတို့တောင် ပြေးရ၊ တိုက်ရနဲ့။ ၂၁ ရက်နေ့လည်း ရွာထဲမှာ (သီဟိုအေးကျေးရွာ) တိုက်ပွဲဖြစ်နေတာ။ ကလေးတဦး သေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာ ရပါတယ်။ ဆေးရုံ ဆေးခန်းက ပိတ်တာကြာပြီ။ တခြားပိတ်မိတဲ့သူတွေလည်း ရှိကြမှာပါ။ ဒီထက် စစ်ပွဲကြာလာရင် အစားဆင်းရဲ အနေဆင်းရဲ ကျန်းမာရေးနဲ့ သေကုန်ဖို့ပဲ ရှိပါတယ်။ ရှိတဲ့လူဆီက ဝေမျှပြီး စားကြတာပေါ့။”

ဇွန် ၄ ရက်လောက်ကစပြီး မောင်တောမြို့အဝင်နားမှာရှိတဲ့ နခခ-၅ မြို့သူကြီးနဲ့ နခခ-၂၊ ၄ မိုင်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေက ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံခဲ့ပြီးနောက် တိုက်ပွဲကြား ပိတ်မိနေခဲ့တာပါ။

မောင်တော ၃ မိုင် ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေ များပြားလာတဲ့အတွက် အနေ ကျဉ်းကျပ်တာ၊ အမိုးအကာ မလုံလောက်တာကြောင့် မိုးရေစိုတာတွေအပြင် ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် စောင့်ရှောက်မှုမရတာကြောင့် ရေရှည်ဆို စိုးရိမ်နေရပြီလို့ သိရပါတယ်။

ဒါ့အပြင် မောင်တော နခခ-၂၊ ၄ မိုင်ကို အာရက္ခတပ်တော် (AA) က သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ကြောင်း ဆိုပါတယ်။

“တိုက်ပွဲပြင်းထန်နေတယ်။ ညကတည်းက အသံကြားကြားနေတယ်။ လက်နက်ငယ်၊ လက်နက်ကြီးတွေရော အစုံပဲ။ တညလုံး ထင်တယ် ပစ်နေကြတာ။ ခုထိတော့ (မောင်တော နခခ-၂ ကျတာ) မကြားရသေးဘူး။ သတင်းကလေ သွားမယူရဲဘူးလေ၊ သူတို့ ဆက်တိုက်ဖြစ်နေကြတော့” လို့ စစ်ရှောင်က ရှင်းပြပါတယ်။

ခုချိန်ထိ စစ်ရှောင်နေတဲ့နေရာတွေဆီ လက်နက်ကြီးကျရောက်တာ မရှိသေးသလို မောင်တောမြို့ထဲမှာလည်း လူတချို့ ကျန်နေသေးတယ်လို့ သတင်းရကြောင်းလည်း သူကပြောပါတယ်။

ဒါကြောင့် ဘယ်အဖွဲ့ကဖြစ်ဖြစ် ပြည်သူတွေကို ငဲ့ညာပေးစေချင်ကြောင်းနဲ့ UN၊ INGO နဲ့ NGO တွေအပြင် ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာ မရှိသေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေကြောင်း သတင်းစကားပါးပါတယ်။

ဇွန် ၂၄ ရက်အထိတော့ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ သုံးပြီး အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013