Home
မြန်မာသတင်း
မဲဆောက် အိမ်တွင်းအကြမ်းဖက်မှုတရားခံကို Lion Battalion က ထိုင်းအာဏာပိုင်ထံ လွှဲပေးမည်
DVB
·
June 24, 2024

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်ခံရလို့ မြန်မာအမျိုးသမီးတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ ကျူးလွန်သူကို  Lion Battalion အဖွဲ့က ထိန်းသိမ်းပေးထားပြီး တရားဥပဒေနဲ့အညီ အပြစ်ပေး ဆောင်ရွက်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေဆီ အမြန်ဆုံးလွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ကို ခင်ပွန်းဖြစ်သူ အဆိုတော် ဝဠာက လက်သီးနဲ့ထိုးကြိတ်ခဲ့လို့ ပြင်းထန်ဒဏ်ရာနဲ့ ဦးနှောက်သွေးယိုစီးမှုကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ တရားမျှတမှုအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အမြန်ဆုံး အပ်နှံသွားဖို့ ဆောင်ရွက်နေတယ်လို့ Lion Battalion ကွန်မန်ဒို စစ်ကြောင်းရုံးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

“ကျနော်တို့ တရားခံကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးမှာပါ။ သေချာပေါက် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျနော်တို့က မတရားတာကို သည်းမခံပါဘူး။ ကျနော်တို့ လမ်းစဉ်ကလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကိုလည်း လုံးဝလက်မခံပါဘူး။ တရားခံကို အရေးယူဆောင်ရွက်ဖို့တော့ ကျနော်တို့ အမြန်ဆုံးဆောင်ရွက်သွားမှာပါ။”

သေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်း မြေမကျသေးတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ တရားခံကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ အပ်နှံသွားဖို့ ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း sister2sister ရဲ့ အိတ်ဖွင့်ပေးစာအပေါ် ပြန်စာတစောင်ကို Lion Battalion က  ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ပြန်စာကို လက်ခံကြိုဆိုကြောင်းနဲ့ ပူးပေါင်းမှုအတွက် ကျေးဇူးတင်ကြောင်း အမှုကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ sister2sister အဖွဲ့မှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“ဒီကိစ္စက ထိုင်းနိုင်ငံမှာဖြစ်တဲ့အတွက် တရားခံကိုလည်း အရေးမယူနိုင်သေး၊ အလောင်းကလည်း လာရောက်မထုတ်ယူနိုင်သေးဘူး ဆိုတဲ့အတွက် ထိုင်းအာဏာပိုင်တွေက အမှုကို မပိတ်နိုင်သေးဘူး၊ သူတို့မှာလည်း အခက်အခဲတွေ ရှိနေတယ်၊။ ဒီဖြစ်ရပ်မှာ တရားခံကို ထိန်းသိမ်းပေးထားတဲ့ Lion Battalion က ရဲဘော်တွေက ပူးပေါင်းပါဝင်မယ်ဆိုပြီး ကျမတို့ရဲ့ အိတ်ဖွင့်ပေးစာအပေါ် တုံ့ပြန်လာတာကို ကျမတို့ ကြိုဆိုတယ်။ ကျေးဇူးလည်းတင်တယ်။ တရားခံကို ထိုင်းအာဏာပိုင်တွေဘက်ကို လွှဲပြောင်းပြီးပြီ ဆိုရင်တော့ အလောင်းမြေကျဖို့ ကိစ္စတွေ၊ မိသားစုကို ခေါ်ယူဖို့ကိစ္စတွေ အဆင်ပြေ ချောမွေ့သွားမယ်လို့ ကျမတို့ ယူဆတယ်။ ပြီးတော့ ဒီအမှုကို ဖော်ထုတ်တဲ့သူတွေ၊ ပူးပေါင်းပါဝင်တဲ့ အမျိုးသမီးတွေနဲ့ ပြည်သူလူထုလည်း လုံခြုံတယ်လို့ ခံစားရစေပါတယ်။”

လတ်တလောမှာတော့ အလောင်းမြေကျဖို့ ကိစ္စတွေကို အရပ်ဘက်အဖွဲ့တွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက လိုက်လံကူညီနေပေမဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးဘက်က မဲဆောက်ဆေးရုံကြီးဘက်ကို ဆက်သွယ်လာပြီး အမှုနဲ့ အလောင်းကိစ္စ စုံစမ်းမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Lion Battalion စစ်ကြောင်းရုံးအဖွဲ့ရဲ့ တာဝန်ရှိသူက “စစ်ကောင်စီအနေနဲ့ ဝင်ပါလာမယ်၊ မျက်နှာဝင်ယူလာမယ် ဆိုရင်လည်း ကျနော်တို့ သူတို့ ဘာမှ အဖက်လုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ ဒါကြောင့် အမြန်ဆုံးလည်း တဖက်ကို ပို့ဆောင်နိုင်အောင် လုပ်ဆောင်သွားမှာပါ” လို့ ဖြည့်စွက်ပြောပါတယ်။

မိသားစုဘက်ကတော့ ပြည်ပကို လာရောက်ဖို့ အခက်အခဲတွေ အများကြီးရှိနေတဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး ကူညီနေသူတွေထံ အလောင်းမြေကျရေး ကိစ္စတွေ အပ်နှံထားတယ်လို့ သိရပါတယ်။

သေဆုံးသူ မထက်ထက်ဇော်က စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ခင်ပွန်းရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မြန်မာနိုင်ငံဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်ပြီး လက်သီးနဲ့ ထိုးကြိတ်မှုကြောင့် ဦးနှောက်သွေးယိုစီးမှု ပြင်းထန်ပြီး လွန်ခဲ့တဲ့ ၃ လကတည်းက သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013