ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရဟန်းသံဃာတော်တွေဟာ ဇွန် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်လိုက်တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့က ရဟန်းတော်တပါးက “သံဃသပိတ် ဦးဆောင်ဆရာတော် အရှင်ပညိဿရာလင်္ကာရက ဦးဆောင်ပြီးတော့ ဒီပဲယင်းမြို့နယ်မှာရှိတဲ့ ရဟန်းသံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်လိုက်တာ” လို့ DVB ကို မိန့်ပါတယ်။
ချောင်းဦးမြို့နယ်က ရဟန်းသံဃာတော်တွေဟာ မနေ့က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်လိုက်ကြပြီးနောက် ဒီနေ့မှာ ဒီပဲယင်းမြို့နယ်က ရဟန်းသံဃာတော်တွေလည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်လာကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန် ၁၉ ရက်မှာ ပျံလွန်တော်မူခဲ့လို့ ရဟန်းသံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်လာကြတာ ဖြစ်ပါတယ်။