Home
မြန်မာသတင်း
မဏိပူရထောင်တွင်း မြန်မာနိုင်ငံသား ၆၆ ဦး ဆက်လက် အစာငတ်ခံ ဆန္ဒပြ
DVB
·
June 24, 2024
ManipurCentralJail

မြန်မာပြည် စစ်ကောင်စီလက်ထဲကို ပြန်ပို့ခံရမှာ စိုးရိမ်တာကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ၊ အင်ဖာဗဟိုအကျဉ်းထောင်တွင်းမှာ မြန်မာနိုင်ငံသား ၆၆ ယောက် အစာငတ်ခံဆန္ဒပြနေတာ ၉ ရက်နီးပါး ရှိလာပေမဲ့ ထောင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းသဘောတူညီမှုတွေ မရသေးဘူးလို့ သိရပါတယ်။

အင်ဖာဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသား ၆၆ ဦးဟာ ကျန်းမာရေးဆိုးရွားတဲ့ အခြေအနေကို ရောက်နေပေမယ့် အလျှော့မပေးဘဲ ဆက်ပြီး ဆန္ဒပြဖို့ ပြောဆိုကြောင်း သူတို့ကို ကူညီပေးနေတဲ့ India For Myanmar က ဆလိုင်းဒိုခါရ်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအစိုးရက စစ်ကောင်စီဘက်ကို ပြန်လွှဲပေးတာ တွေကြောင့် လုံခြုံရေးစိုးရိမ်ချက်တွေ ရှိလာတာနဲ့ အာဏာပိုင်တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေ အများအပြားရှိလာတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြရတာလို့ သိရပါတယ်။

ဇွန် ၁၆ ရက်ကစပြီး မြန်မာ ၂၈ ယောက်စတင် ဆန္ဒပြခဲ့ကာ နောက်ပိုင်းမှာတော့ ၆၆ ယောက်အထိ ရှိလာခဲ့ပါတယ်။

အားပြတ်ပြီး အိပ်ရာပေါ်လဲနေတဲ့ မြန်မာနိုင်ငံသားတွေကို ထောင်အာဏာပိုင်တွေက လာလည်းမကြည့်သလို အကူအညီလည်း မပေးပေမဲ့ ဆန္ဒပြသူတွေက လုံးဝအလျှော့မပေးဘဲ ဆက်ပြီး အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ ပြောကြောင်း ဆလိုင်းဒိုခါရ်က ဆိုပါတယ်။

India For Myanmar ဆလိုင်းဒိုခါရ်က “အခုလက်ရှိ အခြေအနေက ၆၆ ဦး ဆက်ပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ အခြေအနေဖြစ်တာပေါ့။ ဒီအခြေအနေမှာ ထောင်အာဏာပိုင်တွေက လာပြီး ထမင်းတွေ ပို့တာလည်း မရှိတော့ဘူး လာညှိနှိုင်းတာလည်း မရှိတော့ဘူး။ ဒီနေ့ဆိုရင် ၉ ရက်ထဲကို ဝင်တော့မှာဆိုတော့ လူငယ်တွေ လူကြီးတွေ အကုန်လုံး အိပ်ရာပေါ်က မထနိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီပေါ့။ သို့သော် သူတို့က လုံးဝအလျှော့မပေးဘဲ ဆက်ပြီး အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ ပြောလာတယ်”လို့ ပြောပါတယ်။

အစာငတ်ခံ ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေက ဇွန် ၁၇ ရက် ညပိုင်းမှာ  အကြမ်းဖက် ရိုက်နှက်မှုတွေလုပ်ခဲ့လို့  ဆေးကုသမှုခံရသူ တချို့လည်း ရှိပါတယ်။

အစာငတ်ခံ ဆန္ဒပြသူတွေဟာ သတ်မှတ် ပြစ်ဒဏ်ကျခံပြီးသားဖြစ်ပြီး သူတို့ရဲ့ လွတ်မြောက်ရေးနဲ့ လုံခြုံရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ဆလိုင်းဒိုခါရ်က တိုက်တွန်းပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသံတွေ တိတ်ဆိတ်နေတဲ့အပေါ်  စိတ်မကောင်းဖြစ်ရတယ်။ သူတို့ဟာ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါနေသူတွေ ဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာပြည် ပြန်ပို့ဖို့ အဆင်မပြေတာကြောင့် ခုလိုတောင်းဆိုနေတာ ဖြစ်တယ်။”

မဏိပူပြည်နယ်မှာ အစာငတ်ခံဆန္ဒပြပြီး သူတို့လွတ်မြောက်ရေးအတွက်ရော လုံခြုံရေး အတွက်ရော တိုက်ပွဲဝင်နေတဲ့ တော်လှန်ပြည်သူတွေကို ဝိုင်းဝန်းပြီး အသံထွက်ပေးကြဖို့ ကူညီကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

မဏိပူရပြည်နယ်အစိုးရဟာ မေ ၂ ရက်နဲ့ ဇွန် ၂ ရက်တွေမှာ ထိန်းသိမ်းထားတဲ့ မြန်မာဒုက္ခသည် ၇၆ ယောက်ကို နှစ်သုတ်စီခွဲပြီး မြန်မာဘက်ကို  ပြန်ပို့ခဲ့ပါတယ်။

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့ပေမဲ့ ပြန်မလွှတ်ပေးတာကြောင့် မြန်မာ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မဏိပူပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းတာကြောင့် ပြေလည်မှု ရခဲ့ပါတယ်။

မြတ်ကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013