စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းမယ်လို့ ကြေညာအပြီး နှစ်ရက်အတွင်းမှာ ဒေါ်လာဈေး တဒေါ်လာကို ကျပ် ၅,၇၀၀ ဝန်းကျင်အထိ ပြန်ကျသွားခဲ့ပါတယ်။
ဗဟိုဘဏ်ကြေညာချက် မထွက်ခင် ဩဂုတ် ၁၄ ရက် မနက်ပိုင်းက ဒေါ်လာရောင်းစျေး ကျပ် ၇,၀၀၀ ဝန်းကျင် ရှိခဲ့တာကနေ ဒီနေ့ ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှာတော့ တဒေါ်လာကို မြန်မာငွေ ၅,၇၀၀ ကျပ်သာ ပေါက်စျေးရှိပါတော့တယ်။ ဗဟိုဘဏ်ကြေညာပြီး နှစ်ရက်အတွင်း တဒေါ်လာ ကျပ် ၁,၀၀၀ ကျော် ထိုးကျလာခဲ့တာပါ။
ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတဦးက “ဗဟိုဘဏ်က သန်းရာချီ ထုတ်ရောင်းတော့ တဒေါ်လာကို ၇,၀၀၀ လောက်ကနေ အခု ၆,၀၀၀ အောက်ထိ ကျသွားတယ်။ ကျတာကတော့ ဗဟိုဘဏ်ကြေညာချက် မထွက်ခင်ကတည်းက ပြန်ကျနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထိ တကြိမ် ထုတ်ရောင်းခဲ့ပါသေးတယ်။
မြန်မာငွေတန်ဖိုး ထိုးကျပြီး အမေရိကန်ဒေါ်လာဈေး တဒေါ်လာကို ကျပ် ၅,၀၀၀ ကျော်အထိ တက်လာပြီးခဲ့တဲ့နောက်မှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှု သက်သာလာစေဖို့ ဆိုပြီး ဒေါ်လာ သန်း ၂၀၀ ကို ထုတ်ရောင်းလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီလို ထုတ်ရောင်းပြီး တပတ်အတွင်းမှာ မြန်မာငွေ ကျပ် ၅,၀၀၀ ကျော်ရှိတဲ့ ဒေါ်လာဈေးက ၃,၅၀၀ ဝန်းကျင်အထိ ပြန်ကျသွားခဲ့ပါတယ်။
အဲဒီလို ဈေးပြန်ကျဆင်းခဲ့ပေမဲ့ ရေရှည်မှာတော့ ဒေါ်လာဈေးက တရိပ်ရိပ် ပြန်တက်လာခဲ့ပြီး အခုလို တဒေါ်လာ ၇,၀၀၀ ကျော်အထိ တက်လာခဲ့တာကြောင့် အခုဖြေရှင်းနည်းကလည်း ဒေါ်လာဈေး ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေစက္ကူရိုက်ထုတ်တာ၊ နိုင်ငံခြားငွေ ဝင်ရောက်မှု နည်းပါးတာတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ တရိပ်ရိပ် ထိုးကျသွားခဲ့ပြီး အာဏာမသိမ်းခင်က တဒေါ်လာ ၁,၅၀၀ ကျပ်အောက်မှာ ရှိခဲ့တဲ့ မြန်မာကျပ်ငွေဟာ အာဏာသိမ်းပြီး သုံးနှစ်ခွဲအကြာမှာ တဒေါ်လာကို ကျပ် ၆,၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာခဲ့ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်းတည်ငြိမ်ဖို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေနဲ့ ငွေလဲကောင်တာတွေကို စစ်ဆေး အရေးယူတာတွေ ကြပ်မတ်လုပ်ဆောင်ခဲ့သလို ငွေလဲနှုန်းကိုလည်း ထိန်းချုပ်သတ်မှတ်ခဲ့ပေမဲ့ ပြင်ပမှောင်ခိုဈေးကွက်က ငွေလဲနှုန်းကတော့ တရိပ်ရိပ်ထပ်တက်လာတဲ့ အနေအထားနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲနှုန်းက တဒေါ်လာကို ၃,၄၀၀ ကျပ်ဝန်းကျင်မှာ ရှိပေမဲ့ ပြင်ပဈေးကွက်မှာ အမေရိကန် တဒေါ်လာ ၅,၇၀၀ ကျပ်ထိ ရှိနေပြီး ဈေးကွက်အတွင်း ရောင်းချသူ နည်းပါးနေတယ်လို့ သိရပါတယ်။