စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ ဒေါ်လာ ၂၂ သန်းကျော် ထုတ်ရောင်းခဲ့ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ငွေလဲနှုန်း ၃,၅၂၀ ကျပ်နဲ့ ထုတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပြင်ပငွေကြေးဈေးကွက်မှာတော့ စက်တင်ဘာ ၂၄ ရက်မှာ အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၅,၀၅၀ ကျပ်၊ ရောင်းဈေး ၅,၁၀၀ ကျပ်ဝန်းကျင်မှာ ဈေးငြိမ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ တဒေါ်လာကို ကျပ် ၇,၀၀၀ ကျော်ထိ စံချိန်တင် တက်ခဲ့ပြီးတဲ့နောက် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်ထဲကို ဒေါ်လာတွေ တောက်လျှောက် ထုတ်ရောင်းချပေးနေတာပါ။
အဲဒီလို ဆက်တိုက် ရောင်းချပြီးတဲ့နောက်မှာ ဒေါ်လာဈေးတွေ တဖြည်းဖြည်း ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလိုပဲ တဖက်မှာလည်း စစ်ကောင်စီရဲ့ လေလံဈေးကလည်း လအတန်ကြာမှာ တဒေါ်လာကို ရာဂဏန်းလောက် တက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်မှာ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ဒေါလာဈေးတွေကလည်း မျိုးစုံဖြစ်နေပါတယ်။
စကစ သတ်မှတ်ထားတဲ့ တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းအပြင် အွန်လိုင်းပလက်ဖောင်းမှာ တဒေါ်လာ ၃,၅၀၀ ကျပ်နှုန်းနဲ့ အပြင် ပြည်ပရောက် အလုပ်သမားတွေအတွက် နှုန်းထားတမျိုး ဖြစ်နေပါတယ်။ ပြင်ပဈေးကွက်မှာတော့ တဒေါ်လာ ၅,၀၀၀ ကျော် ရှိနေတာပါ။