အမေရိကန်ဗဟိုဘဏ်က နိုဝင်ဘာမှာ အတိုးနှုန်းတွေ လျှော့ချဖွယ်ရှိနေတာကြောင့် လက်ငင်း ကမ္ဘာ့ရွှေစျေး (Spot Gold Price) ဟာ ဒီတပတ်မှာ တအောင်စကို ဒေါ်လာ ၂,၆၃၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့သလို ဒီတပတ်အတွင်း ၂,၆၀၀ အထက်မှာ တည်ငြိမ်နေပါတယ်။
အမေရိကန် စီးပွားရေးအချက်အလက်တွေအရ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အားနည်းနေပေမဲ့ ဝန်ဆောင်မှုကဏ္ဍကတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။
အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေရဲ့ မူဝါဒချမှတ်မှုဟာ ဒေါ်လာတန်ဖိုးအပေါ် သက်ရောက်မှုရှိတာကြောင့် ရွှေစျေးတက်လာခဲ့တာပါ။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ တင်းမာမှုကလည်း ဘေးကင်းတဲ့ စုဆောင်းမှုဖြစ်တဲ့ ရွှေဘက်ကို အာရုံစိုက်လာစေခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းမှာ ရွှေကို တန်ဖိုးသိုလှောင်မှုပစ္စည်းတခု အနေနဲ့ရော ဖလှယ်တဲ့ ကြားခံတခု အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ရွှေကို မတည်ငြိမ်တဲ့ကာလမှာ ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတခုအဖြစ် ရင်းနှီးမြှုပ်နှံနေကြဆဲ ဖြစ်ပါတယ်။
ရွှေဟာ ကမ္ဘာ့ရေးရာဖြစ်စဉ် တခုချင်းအပေါ်နဲ့ အစိုးရတရပ်ထဲအပေါ် လုံးလုံးလျားလျား မှီခိုတာ မဟုတ်တာကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ငွေတန်ဖိုးကျမှုဒဏ်က ကာကွယ်ဖို့ စုဆောင်းကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ရွှေကို အဓိက ကိုင်ထားတာက နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေ ဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ကာလမှာ သူတို့ငွေကြေးကို ထောက်ကူပေးဖို့ရော၊ အရန်စုဆောင်းမှုအနေနဲ့ပါ ရွှေကို လက်ဝယ်ထားရှိကြပါတယ်။
ကမ္ဘာ့ရွှေကောင်စီရဲ့ အချက်အလက်တွေအရ ကမ္ဘာတလွှားက ဗဟိုဘဏ်တွေဟာ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာတင် ဒေါ်လာ ၇၀ ဘီလီယံ တန်ကြေးရှိတဲ့ ရွှေ ၁,၁၃၆ တန်ကို သူတို့ရဲ့ အရန်စုဆောင်းမှုအဖြစ် ထည့်သွင်းခဲ့ကြပါတယ်။
Source-Reuters