Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန်  လူငယ်များကို  ပေါ်တာဆွဲနေ
DVB
·
October 18, 2024

ရန်ကုန်မှာ လူငယ်တွေကို စစ်မှုထမ်းအတွက် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ရပ်ကွက်တွေမှာလည်း တအိမ်တယောက်နှုန်း ကင်းစောင့်ဖို့ ခေါ်ယူနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်မှုထမ်းခေါ်ယူဖို့အတွက် ရန်ကုန်မြို့ လူစည်ကားတဲ့မြို့လည်နေရာတွေမှာတောင် အုပ်စုဖွဲ့ပြီး ကားနဲ့ ပေါ်တာဆွဲတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်၊

ရန်ကင်းမြို့နယ်ထဲမှာ အောက်တိုဘာ ဒုတိယပတ်ထဲ လူငယ်တယောက်ကို ကားပေါ်အတင်းခေါ်ဆောင်သွားတာမျိုးရှိခဲ့တယ်လို့ နီးစပ်သူ တယောက်က DVB ကိုပြောပါတယ်။

“အသိကောင်လေးတယောက် ၁၀ နာရီလောက်မုန့်ထွက်ဝယ်တာ ကားကြီးတစီးနဲ့ ရန်ကင်းမိုးကောင်းမှာ တက်တက်ဆိုပြီး အတင်းဆွဲခေါ်တာ။ အထဲရောက်တော့ ကောင်လေးက ရပ်ကွက်လူကြီးနဲ့ သိတော့ ရပ်ကွက် လူကြီးက ပြန်လွတ်ပေးလိုက်တယ်။ အသိကောင်လေးပါတော့မသွားဘူး။ အဓိကကတော့ စစ်မှုထမ်း အတွက် လူလိုနေလို့ပဲ ဖြစ်မှာပါ။ မြို့လယ်ခေါင်လိုနေရာမျိုးမှာဒီလိုဖြစ်လာတော့ ကလေးတွေအတွက်စိတ်ပူမိတယ်။”

ဒါ့အပြင် ရန်ကုန်တိုင်းထဲက ခရမ်းမြို့နယ်ထဲမှာလည်း ညပိုင်းအလုပ်က ပြန်လာတဲ့ လူငယ်တယောက်ကို ပြန်ပေးဆွဲသလိုခေါ်ဆောင်သွားပြီး ပိုက်ဆံနဲ့ ပြန်လာရွေးခိုင်းတဲ့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“အနားကကောင်လေးတယောက်လည်း အဲဒီလိုပဲ အရမ်းလည်းမိုးမချုပ်သေးပါဘူး။ ၉ နာရီစွန်းစွန်း လောက်ပဲရှိသေးတယ်၊။ ကုန်းထိပ်ကနေပြန်လာတာ သူကနည်းနည်းလေး မူးနေတာလည်းပါတယ်။ အဲတာ ဆွဲခေါ်သွားတာ၊ နောက်ရက် ပိုက်ဆံ နှစ်သိန်းခွဲနဲ့ သွားပြန်ရွေးလာရတယ်။”

လူငယ်တွေကို ပြန်ပြေးဆွဲသလိုခေါ်ဆောင်သွားပြီး ငွေနဲ့ လာရွေးခိုင်းတဲ့ဖြစ်ရပ်တွေက ရန်ကုန်မြို့ နေရာတော်တော်များများမှာ ကြားသိနေရပါတယ်၊ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းကလည်း ပန်းဆိုးတန်းမြို့နယ်ထဲမှာ အိမ်စီးကားအနက်နဲ့ သေနတ်ကိုင်ဆောင်ထားတဲ့လူတွေက လူငယ်နှစ်ယောက်ကို ကားပေါ်ခေါ်တင်သွားတယ်လို့ မျက်မြင်တွေက ပြောဆိုနေကြပါတယ်၊

ဒါ့အပြင် ရန်ကုန်ထဲက တချို့ရပ်ကွက်တွေမှာ ရပ်ကွက်လူကြီးအမိန့်နဲ့ တအိမ်တယောက်နှုန်း ရပ်ကွက် ကင်းစောင့်ဖို့ခေါ်ယူတာတွေရှိတယ်လို့သိရပါတယ်။

ရပ်ကွက်နေပြည်သူလူထုနဲ့ လူငယ်တွေကိုစောင့်ကြည့်ဖို့ ဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူ တယောက်က ပြောပြပါတယ်။

“ရပ်ကွက်လူကြီး လာခေါ်တာပေါ့ သူတို့အပေါ်က တပ်က ခေါ်ခိုင်းလို့ စောင့်ခိုင်းလို့ဆိုပြီး ရပ်ကွက်လူကြီးတွေကတော့ ရပ်ကွက်ထဲကရှိတဲ့အိမ်ခြေတွေ ဒီနေ့တော့ ဘယ်အိမ်ဘယ်အိမ်ပေါ့၊ တအိမ်တယောက်စီပေါ့၊ တနေ့ကို ၁၀ အိမ်ပေါ့။ ရပ်ကွက်ရုံးမှာ သွားစောင့်ရတယ်၊ ညဘက်ကို ၇ နာရီလောက် သွားရင် ၁၀ နာရီလောက်ပြန်လာရတယ်။ သူတို့ကတော့ စစ်မှုထမ်းအတွက် လူငယ်တွေကို စောင့်ကြည့်ဖို့အတွက် လုပ်တဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်။ ပြည်သူ ပြည်သူအချင်းချင်း ရန်တိုက်တဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ညဘက်ကို ဘယ်သူက အပြင်ထွက်တယ် ဘယ်သူက ဘာလုပ်တယ် သူတို့ ရပ်ကွက်ထဲ စောင့်ကြည့်ခိုင်းတဲ့သဘောပါပဲ။”

လူငယ်တွေဟာ လုံခြုံရေးကဏ္ဍနဲ့ ပဋိပက္ခကို ဦးစားပေးနေရလို့ အရပ်ဘက် နယ်ပယ်/ နေရာလပ်ဟာလည်း ပျောက်ဆုံးလာနေပြီး ပဋိပက္ခထဲကို နစ်ဝင်သွားကြသလို စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့်လည်း စိုးရိမ်ကြောင့်ကြ ထွက်ပြေးနေကြရ၊ ဖရိုဖရဲ ဖြစ်နေကြရတယ်လို့ ISP မြန်မာက ထုတ်ပြန်တဲ့ စာစဉ်မှာ ဖော်ပြထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013