Home
မြန်မာသတင်း
လက်နက်ကိုင်အဖွဲ့စုံဂိတ်များတွင် ငွေပေးရသဖြင့် မြဝတီသွားသည့် ကားခ ဈေးတက်
DVB
·
October 17, 2024

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို သွားလာရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လက်နက်ကိုင်ဂိတ်တွေ များပြားလာတာကြောင့် ယာဉ်စီးခတွေ တိုးမြင့်လာတယ်လို့ ခရီးသည်ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့်  ကော့ကရိတ်-မြဝတီ (အောက် ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ လမ်းပျက်စီးတာ၊ တံတားရေတိုက်စားခံရတာ၊ မြေပြိုတာတွေနဲ့ ထပ်မံရင်ဆိုင်ရတာကြောင့် ခရီးသည်တင်ယာဉ်တွေဟာ ထို့ကော်ကိုးလမ်း၊  ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကိုဖြတ်သန်းပြီး ခရီးသည်နဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်ခဲ့ရပါတယ်။

လက်ရှိမှာလည်း  မြဝတီ-ရန်ကုန်၊ မြဝတီ-မန္တလေး အဝေးပြေးယာဉ်လိုင်းအားလုံး ရပ်နားတာ မရှိဘဲ ဆက်လက်ပြေးဆွဲနေတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဝေးပြေးယာဉ်မောင်းတယောက်က “အဝေးပြေးယာဉ်လိုင်းတွေ နားတာမရှိဘူး။ ယာဉ်လိုင်းတွေ ထွက်နေတယ်။ ယာဉ်လိုင်းအားလုံး ထွက်တယ်။ လမ်းခရီးကတော့ ဒီကနေ ဘားအံထိတော့ ဖိုးဝီးကားနဲ့ သွားရတယ်၊ တောလမ်းကဆိုတော့။ ဘားအံကနေ မန္တလေးအထိတော့ အိတ်စ်ပတ်နဲ့။ အခုက အသုံးများတာက ၁၈ (၁၀၁၈) လမ်းက အသွားများတယ်။ လမ်းမှာ လက်နက်ကိုင်ဂိတ်တွေက များတယ်” လို့ ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တင်ဆောင်ရာမှာ ၁၃ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေအနေနဲ့ အခက်အခဲရှိတယ်လို့ အဝေးပြေး ယာဉ်မောင်းတွေက ပြောပါတယ်။

ဒါ့အပြင် မြဝတီ-ရန်ကုန် အိတ်စ်ပတ်ယာဉ်စီးခအနေနဲ့ အရင်က ခရီးသည်တယောက်ကို ကျပ် ၁ သိန်း ၃ သောင်းကနေ အခု ကျပ် ၁ သိန်းခွဲ၊  မြဝတီ-မန္တလေး ခရီးသည်တယောက်ကို အရင်က ကျပ် ၁ သိန်းခွဲကနေ အခု ကျပ် ၁ သိန်း ၇ သောင်း ရှိပါတယ်။

မြဝတီ-ဘားအံ ယာဉ်စီးခအနေနဲ့ အရင်က ရိုးရိုးကားနဲ့ ကျပ် ၁ သိန်းခွဲကနေ အခု လက်နက်ကိုင်အဖွဲ့အစည်းကားနဲ့ နေ့ချင်းသွားရောက်လိုသူတွေအနေနဲ့ တယောက် ကျပ် ၃ သိန်းပေးရပြီး နေ့ချင်းရောက် ရိုးရိုးကားက တယောက် ကျပ် ၂ သိန်းကနေ ၂ သိန်းခွဲ ရှိပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ လက်နက်ကိုင်အဖွဲ့စုံ ဂိတ်တွေကို ငွေပေးရတာကြောင့် ကားခတွေက ဈေးတက်သွားတာလို့ ယာဉ်ငယ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်ငယ်လိုင်း တာဝန်ရှိသူတယောက်က “လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အမှန်ပဲ။  မိုးတွင်းတုန်းက ရွှံ့တွေနဲ့ ရုန်းရတာ အဆင်မပြေဘူး။ ထွန်စက်တွေနဲ့ ဆွဲရ၊ ဆင်နဲ့ ဆွဲရတာ ရှိတယ်။ ထွန်စက်က တခါဆွဲရင် ၉ သောင်းနဲ့ ၁ သိန်းခွဲကြားရှိတယ်။ အဲဒီဈေးတွေပါ ပေါင်းပြီးတော့ ကားခတွေက ဈေးတက်သွားတာ။ လမ်းမှာလည်း ဂိတ်တွေက များတယ်။ ၃ ပေ ၁ ဂိတ်ပဲ။ အဖွဲ့အစည်းစုံရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပေမဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်တွေ လမ်းမှာ ညအိပ်ရတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

“ကိုယ်တိုင် တခါ  မြဝတီသွားလိုက်တဲ့အချိန်မှာ လမ်းမှာ အတက်တုန်းက တညအိပ်ရတယ်။  မြဝတီကို မိုးချုပ်မှရောက်တယ်။ ပြန်ဆင်းလာတော့လည်း သင်္ကန်းညီနောင်မှာ တိုက်ပွဲဖြစ်နေလို့ ၂ ရက်လောက် ပိတ်မိတယ်။ အဲလိုမျိုးလေးတွေရှိတယ်၊ လမ်းဟောင်းက။ ၁၀၁၈ လမ်းက ရွှံ့တအားများတယ်။ ဖိုးဝီးကားတောင်မှ သိပ်မနိုင်ဘူး။ အခုက ကားခတွေ ဈေးတက်တာက အဲဒီပြဿနာတွေကြောင့်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အာရှလမ်းပိုင်းကို အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ထိန်းချုပ်ထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013