ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေက ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
မတ် ၁၁ ရက်တည်းက စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ လေးကေ့ကော်မြို့သစ်အနီးက စွယ်တော်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းမရအောင် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ရာက ဒီကနေ့မှာ အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာပါ။
KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “စခန်းကတော့ရပြီ၊ အသေးစိတ်အခြေအနေက မတင်ပြသေးဘူး။ ရန်သူကို လိုက်ပိတ်နေကြတုန်းပဲ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ စွယ်တော်ကုန်းဗျူဟာမှူးနဲ့အတူ တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် တပ်မ ၄၄ လက်အောက်ခံ စွယ်တော်ကုန်းဗျူဟာမှူးနဲ့အတူ ထွက်ပြေးလွတ်မြောက် သွားသူတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက လိုက်လံပိတ်ဆို့ ရှင်းလင်းနေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၄ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဒရုန်းဗုံးကြဲပြီး ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စွယ်တော်ကုန်းဗျူဟာ တိုက်ခိုက်ခံရတာကြောင့် မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် ထီးမယ်ဝါးခီး၊ ဖလူး၊ မင်းလက်ပံကျေးရွာက ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး လုပ်ငန်းခွင်တွေ ဝင်ရောက်ရာမှာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁ ရက်၊ မွန်းလွဲ ၂ နာရီလောက်က စွယ်တော်ကုန်းဗျူဟာစခန်းက ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည် ၃ လုံးဟာ ဖလူးကျေးရွာ စာသင်ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲတဲ့အပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင် တယောက် ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။