Home
မြန်မာသတင်း
မြဝတီတောင်ဘက် စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းတပ် ထပ်မံတိုက်ခိုက်
DVB
·
October 1, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ထပ်မံဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၃၀  ရက် မနက်အစောပိုင်းက မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဒရုန်းဗုံးကြဲပြီး ဝိုင်းဝန်းပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ စွယ်တော်ကုန်းဗျူဟာကို သိမ်းပိုက်နိုင်ဖို့  အဓိက စခန်းအနီးကိုရောက်ဖို့ လုပ်ဆောင်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“စခန်းသိမ်းတာက သိမ်းမှာ။ သိမ်းဖို့အတွက် စခန်းနားကို ကပ်နေတာ။ သူချ ကိုယ်ချပဲ။ နေ့တိုင်း ကပ်နေတာ။ အဓိက က အနားရောက်ဖို့ အရေးကြီးတယ်။ စခန်းနားကိုရောက်မှ သိမ်းလို့ရမယ်။”

စက်တင်ဘာ ၃၀  ရက် မနက်အစောပိုင်းက စစ်ကောင်စီရဲ့  စွယ်တော်ကုန်းဗျူဟာ ဒရုန်းဗုံးကြဲချခံရတာကြောင့် စစ်ကောင်စီတပ်စခန်းက ပေါက်ကွဲသံတွေကြားရတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့တည်းက  စစ်ကောင်စီရဲ့ အင်အား ၈၀ လောက်ရှိတဲ့ စွယ်တော်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက  လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းမရအောင်  ဝိုင်းဝန်းပိတ်ဆို့ထားတာပါ။ 

စွယ်တော်ကုန်းဗျူဟာစခန်းကို ရက်လကြာရှည်ပတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ထောက်ပို့နေရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာကြောင့် အနီးအနားက ကျေးရွာတွေကို ကျရောက်တာတွေ ရှိပါတယ်။  

စစ်ကောင်စီက တိုက်ပွဲဖြစ်တိုင်း လေယာဉ်နဲ့ ပစ်တာဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ပြီး ဥပဒေတွေချိုးဖောက်တာလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီက အင်အားချင်းမမျှတာထက်စာရင် သူတို့ဘက်က နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းက quality အရည်အသွေး မရှိတော့ဘူး။ အောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိနေဘူး။ သူတို့ ကျရှုံးမယ်။ တိုက်ပွဲဖြစ်တိုင်း လေယာဉ်နဲ့ ဘယ်လိုပဲပစ်ပစ်။ အဲတော့ သူတို့က ကျရှုံးမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ထီးမယ်ဝါးခီး၊ ဖလူး၊ မင်းလက်ပံကျေးရွာက ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး လုပ်ငန်းခွင်တွေ မဝင်ရောက်ရဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီကလည်း စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းဖြစ်တဲ့ ဖလူးစခန်းကို KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်း စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013