Home
မြန်မာသတင်း
လက်နက်ကိုင်အဖွဲ့များကြား မပြေလည်မှုများကို ဝိုင်းဝန်းကူညီဖြေရှင်းရန် NUG တိုက်တွန်း
DVB
·
October 4, 2024

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေကြားက မပြေလည်မှုတွေကို သည်းခံသင့်တာသည်းခံပြီး ပြဿနာဖြေရှင်းရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။ 

တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တွေ အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပသုံးလုံးပြဿနာတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့အကြားမှာ လုပ်ပိုင်ခွင့်အာဏာ ရောထွေးနေတာကြောင့် ပြဿနာတွေ ဖြစ်ပေါ်နေတာလို့ လေ့လာသူတွေက ပြောပါတယ်။

ပသုံးလုံးအဖွဲ့တွေအပြင် NUG လက်အောက်ခံအဖြစ် အသိအမှတ်ပြု ဝင်ရောက်တာ မရှိသေးတဲ့ Local PDF အဖွဲ့တွေလည်း ကျန်ရှိနေပြီး လက်နက်ကိုင်အစုအဖွဲ့တွေ အချင်းချင်း ပစ်ခတ်တိုက်ခိုက်တာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်ပေါ်ခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “လက်နက်ကိုင်အင်အားစုတွေ ကြားထဲမှာဖြစ်တဲ့ ပြဿနာတွေဆိုရင် ပိုမိုပြီးတော့ ရှင်းရလင်းရတာ အခက်အခဲတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့အစိုးရအနေနဲ့ကတော့ အတတ်နိုင်ဆုံး စနစ်တကျဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားနေတယ်။ တယောက်နဲ့ တယောက်ကြားမှာ မပြေလည်တာတွေကို ပြေလည်အောင် ဖြေရှင်းခြင်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တခု တည်ဆောက်ပြီးတော့ သည်းခံတဲ့နေရာမှာ သည်းခံ၊ အားလုံးသည် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့တွေ ထိန်းချုပ်နယ်မြေတွေ များလာတာနဲ့အမျှ အမှုအခင်းတွေ၊ ပြဿနာတွေက ရှိနေတယ်။ အဲဒါကို တရားဥပဒေဘောင်အတွင်းကဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ် ဆိုတာ ပြောကြားချင်ပါတယ်” လို့ ဆိုပါတယ်။

NUG ကြားကာလအုပ်ချုပ်မှု ဗဟိုကော်မတီ တိုင်ကြားစာကော်မတီကို တိုင်ကြားထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေပြီး အဲဒီအထဲက အမှုပေါင်း ၃၀ ကျော်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းနေရကာ အမှုပေါင်း ၂၀ ကျော်ကို ပြည်ထဲရေးက ဖြေရှင်းနေရတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ပြဿနာတွေကို ဖြေရှင်းဖို့ အချိန် ၁ လ ၂ လအတွင်း စုံစမ်းစစ်ဆေးရေးကော်မတီတခု အမြန်ဖွဲ့စည်းသွားမယ်လို့ သူကပြောဆိုခဲ့ပေမဲ့ မြေပြင်မှာတော့ ပြဿနာတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

စစ်ကိုင်းဒေသခံ ပြည်သူတယောက်က “ငွေပဲကြည့်ကြတာကိုး၊ ဘယ်ကိုဝင်ရင် ငွေရမယ်ဆိုတာ ငွေပဲကြည့်ကြတာ၊ ပသုံးလုံးဆိုရင်လည်း ပလဖက သူတို့ရဲ့ ရဲလမ်းစဉ်ကို မသွားဘဲနဲ့ ပြည်သူတွေ လုပ်တာကတော့ ပြည်သူတွေကိုဖမ်းမယ်၊ သူတို့ရဲဘော်တွေ လုပ်တဲ့ဟာတော့ လွှတ်ထားမယ်ပေါ့။ သူတို့ဟာသူတို့ စိုးမိုးနေကြတာ။ ပသုံးလုံးတွေဖြစ်တဲ့ပြဿနာတော့ ဖြေရှင်းမှုမရှိဘူးဗျ။ သူတို့ရဲဘော်တွေဖြစ်တဲ့ ပြဿနာတွေဆိုရင် သူတို့က လျှို့ဝှက်ချက်နဲ့ ဖုံးဖိထားတာပဲ ရှိတယ်။ ဒီပြည်သူတွေဖြစ်တဲ့ ပြဿနာဆိုရင်တော့ သူတို့က ဖော်ပြတယ်။ ဘယ်သူကမှားလို့ပါ၊ ဘယ်သူကမှန်လို့ပါ၊ ဘယ်သူကတိုင်လို့ပါ ဆိုပြီးတော့ ချက်ချင်း အရေးယူတာတွေရှိတယ်။ ပကဖဆိုရင် ဘယ်လိုပြောမလဲ ပကဖလမ်းစဉ်အတိုင်း သွားမယ်ဆိုရင် သူတို့က စစ်ရေးတခုပဲ သွားရမှာကိုး၊ စစ်ရေးတခုပဲ မသွားဘဲ သူတို့က ပအဖလုပ်ရမယ့် လမ်းစဉ်ကို ပကဖလိုက်လုပ်တယ်၊ ပကဖလုပ်ရမယ့်ဟာကို ပအဖ လိုက်လုပ်တယ်။ အဲဒါမျိုး တခုနဲ့တခု လိုက်လုပ်နေတဲ့အချိန်မှာ ပြဿနာတွေက တခုနဲ့တခု ကြီးကြီးလာတယ်” လို့ ပြောပါတယ်။

အခွန်ကောက်ခံရငွေများတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ ငွေကြေးနဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားရေးရာ တွန်းတိုက်မှုပြဿနာတွေ အများဆုံးဖြစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက အချိန်နဲ့တပြေးညီ မဖြေရှင်းနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

NUG တိုင်ကြားစာကော်မတီ ၃ ရပ်ဆီ ရောက်လာတဲ့ အဓိကအမှုအမျိုးအစားတွေကတော့ NUG ဝန်ထမ်းယန္တရားထဲက လူတွေက ပြည်သူအပေါ် ကျူးလွန်တဲ့အမှု၊ NUG ဝန်ထမ်းယန္တရား အချင်းချင်း ကျူးလွန်တဲ့အမှုတွေ ဖြစ်ပါတယ်။

အမှုတွေမှာ အဓိက ပြစ်မှုကျူးလွန်သူတွေကတော့ လက်နက်ကိုင်ထားတဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေး လက်အောက်ခံ ဝန်ထမ်းတွေဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြစ်မှုကျူးလွန်တဲ့ ပကဖတွေကို စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

အမှုစစ်ဆေးတဲ့ လုပ်ငန်းစဉ် ယန္တရားတွေ သေချာတည်ဆောက်ထားပြီး အမှုတွေကို လက်တွေ့ကျကျစစ်ဆေးကာ သတ်မှတ်ကာလအတွင်း ပြစ်မှုပြစ်ဒဏ် ချမှတ်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း NUG တာဝန်ရှိသူတွေက ရှင်းလင်းထားပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “အခွန်နဲ့ပတ်သက်လို့ကြတော့ ပခုက္ကူခရိုင်က ရေနံလက်ယက်တွင်း ရှိတယ်။ ဂန့်ဂေါခရိုင်ကကြတော့ သစ်ကိစ္စ အခွန်ကိစ္စတွေ ရှိတယ် ဆိုတဲ့အခါကြတော့ အဲဒီနေရာတွေမှာတော့ ပြဿနာများတယ်ပေါ့။ ကျန်တဲ့နေရာတွေမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ခေါင်းဆောင်လုပ်ချင်တဲ့ ပြဿနာပဲ ရှိတာပါ။ အခွန်ရတဲ့ နေရာတွေမှာကြတော့ အခွန်နဲ့ပတ်သက်ပြီးတော့မှ နောက်ဆက်တွဲပြဿနာတွေက ကြာလေ များလေပေါ့၊ ဘာပဲပြောပြော တော်လှန်ရေးအရတော့ လူထုကထောက်ခံတယ် ဆိုသော်လည်းပဲ လူထုမှာကြတော့ တောင့်ခံနိုင်တယ်ဆိုတဲ့အင်အားက အချိန်အကန့်အသတ် အတိုင်းအတာ ရှိတယ်ပေါ့လေ။ မြန်မြန် ကျနော်တို့ အောင်မြင်အောင် မလုပ်နိုင်ရင်တော့ တော်လှန်ရေးကတော့ ကြာလေ ရှင်းရမယ့်ပြဿနာတွေက ပိုများလေနဲ့ စိုးရိမ်စရာဖြစ်ရတဲ့ အနေအထားတော့ ရောက်နေတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ကုန်စည်လမ်းကြောင်းတွေကို ဂိတ်ဖွင့်အခွန်ကောက်ခံတာ၊ သစ်ကုန်ကူးတာတွေကနေ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက အဓိကဝင်ငွေရှာဖွေခဲ့ကြပြီး မြေပြင်မှာ နယ်မြေလုကြတာတွေကြောင့် မကြေလည်မှုတွေဟာ တစစ ကြီးထွားလာတာ ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ရပ်ကျေးနဲ့ မြို့နယ်အလိုက် လက်နက်ကိုင်အစုအဖွဲ့ ထောင်နဲ့ချီ ပြန့်ကြဲနေတာကို မစုစည်းနိုင်တာ၊ အစုအဖွဲ့တခုချင်းစီက ရှင်သန်ရေးအတွက် နည်းလမ်းစုံနဲ့ ဖြေရှင်းကြတာ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှု မရှိတာတွေကြောင့် တော်လှန်ရေးအစောပိုင်း အချိန် ၂ နှစ်ကျော်တွင်းမှာ NUG တိုင်ကြားစာကော်မတီ ၃ ခုကို ရောက်လာတဲ့ NUG ဝန်ကြီးဌာန ၁၇ ခုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024