Home
မြန်မာသတင်း
NUG အပါအဝင် တိုင်းရင်းသားအင်အားစုများကို အလေးထားဆက်ဆံရန် တရုတ်သမ္မတထံ  အိတ်ဖွင့်စာပေးပို့
DVB
·
September 27, 2024

တရုတ်အစိုးရအနေနဲ့ NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေကို အလေးထားဆက်ဆံဖို့ တရုတ်သမ္မတကို အမေရိကန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက အိတ်ဖွင့်စာပေးပို့ တောင်းဆိုလိုက်ပါတယ်။ 

ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲမှာ တရုတ်သံရုံးကနေတဆင့် သမ္မတရှီကျင့်ဖျင်ဆီလိပ်မူထားတဲ့စာကို ပေးပို့ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Save Myanmar အဖွဲ့ဝင် ကိုရင်အေးက“တရုတ်သံရုံးက အရင်လို ကျနော်တို့ကို လစ်လျူရှုထားတာမျိုးမဟုတ်တော့ပါဘူး။ ကျတော်တို့ ကြွေးကြော်သံတွေကိုစောင့်ကြည့်တာ မှတ်တမ်းဗီဒီယိုရိုက်တာတွေ လုပ်လာပါတယ်”လို့ ပြောပါတယ်။

မြန်မာစစ်တပ်ကိုထောက်ပံ့နေတဲ့ စစ်ရေးအကူအညီတွေအားလုံး ရပ်တန့်ဖို့၊ တရုတ်အစိုးရရဲ့အင်အားကို မြန်မာ့ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးမှာ အသုံးပြုပေးဖို့၊ နိုင်ငံတကာရဲ့လူ့အခွင့်အရေးဆိုင်ရာအကူအညီပေးချက်တွေမှာ တရုတ်ကထောက်ပံ့ပေးဖို့၊ စစ်တပ်ထိန်းချုပ်ဒေသတွင်းကစစ်ဘေးသင့်ပြည်သူတွေကို လူသားစာနာအကူအညီတွေ တိုက်ရိုက်ပေးနိုင်အောင် တရုတ်ကကူညီပေးဖို့ စတဲ့ အချက် ၅ ချက်ကို အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့ရေးနဲ့ပတ်သက်လို့  ပြည်တွင်းရေးဝင်မစွက်ဖက်တဲ့မူကို အခိုင်အမာကိုင်စွဲထားပြီး နိုင်ငံတကာအသိုက်အဝန်းမှာ တရုတ်နိုင်ငံအပေါ်  အကြောင်းမဲ့ အပြစ်တင်နေတာသာဖြစ်တယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်တွေ့မှာတော့ စစ်ခေါင်းဆောင်လုပ်ချင်နေတဲ့ရွေးကောက်ပွဲကို ထောက်ခံအားပေးတာ၊ အားကောင်းနေတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ထိုးစစ်တွေကို ဖိအားပေးပြီးအရှိန်လျှော့ဖို့ ကြိုးစားနေတာ၊ ကျားဖြန့်လောင်းကစား ထိန်းချုပ်ရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီပြည်ထဲရေးကို ငွေကြေးနဲ့နည်းပညာတွေ ထောက်ပံ့နေတာ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခြယ်လှယ်နေတာတွေကို တရုတ်အစိုးရက ပြုလုပ်နေတာပါ။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေးမှာ တရုတ်က ဝင်မစွက်ဖက်ဘူးဆိုတာ အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထား ပါတယ်။

ဇေယျာချမ်းအေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013