ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံပြည်သူတွေ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မောင်တောမြို့မှာ တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
မောင်တောဒေသခံတယောက်က “မနေ့ ညနေ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲချတာ၊ ဒဏ်ရာရရှိတဲ့သူတွေရှိတယ်၊ ကလေးတယောက်လည်း ပါတယ်၊ အရေအတွက် အတိကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မောင်တောဒေသခံက “ရခိုင်ပြည်မှာနေရတာက ကျနော်တို့အတွက် နေ့တိုင်းလုံခြုံမှုမရှိသလို ခံစားနေရတယ်။ လေကြောင်းက နေပြီး နေ့စဉ်နဲ့အမျှ လာရောက်ဗုံးကြဲနေတာ ရှိတယ်။ နေ့တိုင်း စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကိုပဲ အဓိကထားအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်၊ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
ရခိုင်မှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရသူတွေ အများအပြားရှိလာပြီလည်း ဖြစ်ပါတယ်။