မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်သွားဖို့နဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးအတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျင်းပဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးသွားဖို့နဲ့ မြန်မာ့အရေးကို မြန်မာကပဲ ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသွားဖို့လည်း အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက တောင်းဆိုလိုက်ပါတယ်။
လာအိုနိုင်ငံ၊ မြို့တော် ဗီယန်ကျင်းမှာ အောက်တိုဘာ ၆ ရက်က ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပပြီးစီးချိန်မှာ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ လာအိုဝန်ကြီးချုပ်က အချက်ပေါင်း ၁၈၂ ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေတင်းမာနေမှုနဲ့ ပိုမိုနက်နဲကျပ်တည်းလာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပူပန်တဲ့အကြောင်း၊ အရပ်သား ပြည်သူတွေနဲ့ ပြည်သူ့အိုးအိမ် အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်နေမှုကို ပြစ်တင်ရှုတ်ချခဲ့တဲ့အကြောင်း၊ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်နိုင်မယ့် ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံးကို တိုက်တွန်းခဲ့တဲ့အကြောင်း ဖော်ပြပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ဆက်လက်ကိုင်စွဲသွားမှာ ဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေးကို အခုနှစ်အစည်းအဝေးမှာ ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အဆင့်သတ်မှတ်ချက်အလိုက် ပြီးမြောက်အောင် ပေးအပ်နိုင်ရေး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ASEAN Humanitarian Assistance-AHA ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူး ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ ပါဝင်ထောက်ပံ့ပေးကြတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင် အသိအမှတ် ပြုပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အခုထက်မက ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပိုမို ပေးအပ်သွားဖို့ တောင်းဆိုပါကြောင်းနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေထံ ကူညီထောက်ပံ့မှုတွေ ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်နိုင်ရေးကို အသေအချာ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အားလုံးကို တောင်းဆိုတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ တွေ့ဆုံ ဆွေးနွေးခဲ့မှုကို အာဆီယံအနေနဲ့ အသိအမှတ်ပြုတဲ့အကြောင်း၊ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးနဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာ ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိနိုင်ရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနဲ့ လာမယ့်နှစ်မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သွားမယ့် မလေးရှား နိုင်ငံ ၃ နိုင်ငံတို့ရဲ့ ၃ ပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ကြိုဆိုပါကြောင်းထုတ်ပြန်ပါတယ်။
အခုနှစ်ကုန် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမယ့် အလွတ်သဘော ဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးကို စိတ်ပါဝင်စားမှုရှိတဲ့ တခြားအာဆီယံနိုင်ငံတွေလည်း ပါဝင် တက်ရောက်သွားဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်း လုံခြုံရေးနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး အဖြေရလဒ်ကို မြန်မာပြည်သူတွေ ရှာဖွေရာမှာ အထောက်အကူပြုနိုင်မယ့် ချဉ်းကပ်မှုပုံစံတွေနဲ့ မဟာဗျူဟာတွေကို အာဆီယံအနေနဲ့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ထပ်လောင်း ကတိပြုတဲ့အကြောင်းလည်း အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်တော့ အာဆီယံထိပ်သီးအစည်းအဝေးမှာထည့်သွင်း ဆွေးနွေးတာ မရှိသလို ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားတာမရှိပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ သိန်းနဲ့ချီတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတဲ့ ကိစ္စတွေလည်း အာဆီယံကြေညာချက်မှာ ဖော်ပြထားတာမရှိသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက လိုက်နာအကောင်အထည်မဖော်တဲ့ ကိစ္စကိုလည်း ပြစ်တင် ဝေဖန်ထားတာ မရှိပါဘူး။
ဒီတကြိမ်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုပေမဲ့ စစ်ကောင်စီကိုယ်စားလှယ် နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို ပါဝင်တက်ရောက် ဆွေးနွေးခွင့်ပြုခဲ့ပါတယ်။
အခုလို စစ်အုပ်စုကိုယ်စားလှယ်တွေကို အာဆီယံ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက် ခွင့်ပေးတဲ့နဲ့ ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ဆန့်ကျင်ကန့်ကွက်ထားပါတယ်။
လက်ရှိမှာ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံကျော်ရှိတဲ့ လူပေါင်း ၁၈ ဒသမ ၆ သန်းလောက်ဟာ ပြည်တွင်းစစ်ပဋိပက္ခဘေးနဲ့ သဘာဝဘေးကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ကျင်းပပြီးစီးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက လာမယ့် ၂၀၂၅ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမယ့် မလေးရှားနိုင်ငံဆီကို တရားဝင် တာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။