မြန်မာ့အရေးတိုးတက်မှုဟာ သုညသာ ရှိခဲ့တယ်လို့ အမေရိကန်ထိပ်တန်းသံတမန်တဦးက ပြောလိုက် တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန် ဒန်နီရယ်လ် ခရိုက်တန်ဘရင့်ခ်က "ကံမကောင်းစွာပဲ (မြန်မာနိုင်ငံမှာ) နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်မှုတွေ လျော့ပါးလာတာတွေစတဲ့ ဦးစားပေး လုပ်ငန်းစဉ် တွေမှာ လုံးဝ တိုးတက်မှု မရှိသလောက် နည်းပါးတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်” လို့ ပြော လိုက်တာပါ။
ဒါ့အပြင် အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က ထောက်ခံပေမဲ့ မြန်မာ စစ်အုပ်စု အပေါ် စဉ်ဆက်မပြတ် ဖိအားပေးသွားမယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အရှေ့ အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ လာအိုနိုင်ငံကို အောက်တိုဘာ ၁၀ ရက်မှာ ရောက်ရှိနေပြီး မြန်မာ့အရေးနဲ့အတူ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့အကြား သဘောထား တင်းမာမှုတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆို ပါတယ်။
ဝန်ကြီး ဘလင်ကန်ဟာ အခုနှစ်ကျင်းပတဲ့ အာဆီယံ-အမေရိကန်ထိပ်သီးအစည်းဝေးနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှာ သမ္မတဂျိုးဘိုင်ဒန်ကိုယ်စား တက်ရောက်လာတာဖြစ်ပြီး အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက တက်ရောက်လာမယ့် ခေါင်းဆောင်တွေ၊ အကြီးတန်း အရာရှိ တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့လည်း ရှိနေတာပါ။
အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာတော့ ဝန်ကြီးဟာ ထိုင်းဝန်ကြီးချုပ်သစ် ဖဲထောင်းထမ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို ကူညီဖြေရှင်းဖို့ ကြိုးစားပြီး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေတာတွေအတွက် ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
အခု ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ခဲ့သလို ဒါဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာကိုယ်စားလှယ်အနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ပထမဆုံးတက်ရောက်ခွင့်ရတာလည်း ဖြစ်ပါတယ်။
Source: AFP