Home
မြန်မာသတင်း
မြန်မာ့အရေး ရှုပ်ထွေးပွေလီဟု အာဆီယံအတွင်းရေးမှူးချုပ်ပြော၊ အကြမ်းဖက်မှုရပ်တန့်ရန် အာဆီယံခေါင်းဆောင်များတိုက်တွန်း
DVB
·
October 10, 2024
Photo-Reuters
Photo-Reuters
Photo-Reuters
Photo-Reuters
Photo-Reuters

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ မြန်မာပြည်တွင်းစစ်ကနေ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ ပြင်းထန်လာခြင်းအထိ ကိစ္စရပ်တွေမှာ တိုးတက်မှုရှိဖို့ တိုးမြှင့်လုပ်ဆောင်နေရပေမဲ့လည်း ဒေသတွင်း တည်ငြိမ်တဲ့အင်အားစုအဖြစ် ဆက်လက်တည်ရှိနေပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်က ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့ အပါအဝင် မိတ်ဖက်နိုင်ငံတွေမှ အစိုးရအကြီးအကဲတွေ၊ ထိပ်တန်းသံတမန်တွေ၊ လေ့လာသူတွေနဲ့အတူ လာအိုမှာ အခုသီတင်းပတ်အတွင်း အစည်းအဝေး လုပ်နေကြတာ ဖြစ်ပါတယ်။

ဆွေးနွေးမှုကနေ သိရသမျှကတော့ အခုဟာ အချိန်ကာလနဲ့ စိတ်ရှည်သည်းခံမှု လိုအပ်နေပြီး မြန်မာနိုင်ငံအရေးဟာ ရှုပ်ထွေးပွေလီနေတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာအရှုပ်အထွေးတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ မမျှော်လင့်သင့်ကြောင်းနဲ့ အရေးကြီးတာက အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို တခြားနိုင်ငံတွေက ထောက်ခံသင့်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေဆီက ကြားသိရတယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်က ပြောပါတယ်။

အာဆီယံရဲ့ ခက်ခဲတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခြင်းဟာ အာဆီယံအဖွဲ့ကြီးရဲ့ ဗဟိုအခန်းကဏ္ဍကို ထိခိုက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

လူဦးရေ ၆၈၅ သန်းကျော်ရှိတဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံအသင်းကြီးဟာ ပြင်ပမိတ်ဖက်များစွာတို့နဲ့ ကျယ်ပြန့်တဲ့ ကုန်သွယ်မှုသဘောတူညီချက်တွေနဲ့ စီးပွားရေးအရ ပေါင်းစည်းလာနေပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးဆုံးစီးပွားရေးဒေသ ဖြစ်လာပြီ လို့လည်း အသက် ၅၈ နှစ်ရှိ ကောက်ကင်မ်ဟွန်က ပြောပါတယ်။

လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက် (FTAs) ၈ ခု ရှိထားပြီး ကမ္ဘာ့အကြီးဆုံး FTA ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မတည်မငြိမ်ဖြစ်နေတဲ့ ဒေသမှာ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာ ဘယ်သူကမှ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပေမဲ့ အာဆီယံမှာ ယုံကြည်မှု ရှိထားတာကြောင့် ဒေါ်လာ ၂၃၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတွေက အာဆီယံထဲကို ပြောင်းရွှေ့လာပြီး ဒါဟာ ကမ္ဘာတဝန်းမှာ အမေရိကန်ပြီးရင် ဒုတိယပဲလို့လည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း သွေးမြေကျမှုကို ရပ်တန့်နိုင်မယ့် ခိုင်မာတဲ့ အရေးယူဆောင်ရွက်ချက်တွေ ချက်ချင်း လုပ်ဆောင်သွားဖို့ အာဆီယံခေါင်းဆောင်တွေက မြန်မာစစ်ကောင်စီနဲ့တခြားသက်ဆိုင်ရာအဖွဲ့တွေကို အောက်တိုဘာ ၉ ရက်နေ့က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံ၊ မြို့တော်ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ပထမနေ့မှာ မြန်မာ့အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပေမဲ့ အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လူပေါင်း ထောင်ချီသေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိတဲ့အကြောင်း မလေးရှားအွန်းလိုင်းသတင်းစာ Malay Mail မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက သဘောတူ လက်ခံခဲ့ပေမယ့် တဖက်မှာတော့ သွေးမြေကျစေတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို တွန်းအားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် လိုက်နာဖို့ စစ်ကောင်စီဘက်က ပျက်ကွက်နေမှုအပေါ် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ ပြစ်တင်ခဲ့ကြပြီး ဖြစ်ပေမဲ့ အခု ၂၀၂၄ ခုနှစ် ဆွေးနွေးပွဲမှာလည်း အလုပ်မဖြစ်တဲ့ ဒီမူ ၅ ချက်ကိုပဲ ဆက်လက် ကိုင်စွဲနေကြဆဲ ဖြစ်တယ်လို့ အာဆီယံထိပ်သီးဆွေးနွေးပွဲ သဘာပတိရဲ့ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က “မြန်မာ့အရေးကို ရှေ့တလှမ်းတိုးနိုင်ဖို့အတွက် နည်းလမ်းရှာဖွေပြီး မဟာဗျူဟာ အသစ်တွေ ရေးဆွဲသွားဖို့ ကြိုးစားနေပါတယ်။ ဘယ်လို မဟာဗျူဟာသစ်တွေ ဖော်ဆောင်သွားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ အာဆီယံဟာ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့လည်း မြန်မာ့အရေးကို အမှန်တကယ် ပြောင်းလဲနိုင်ဖို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာကိုတော့ ကျနော်တို့အနေနဲ့ ဝန်ခံရမယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းရာမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာ ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိတာကြောင့် အာဆီယံအဖွဲ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းကြားထဲမှာလည်း မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

မြန်မာ့အရေးအပါအဝင် ဒေသတွင်း အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် အာဆီယံအနေနဲ့ ကောင်းမွန်စွာ ဘယ်လို စီမံကိုင်တွယ် ဖြေရှင်းသွားမလဲဆိုတဲ့အချက်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှုအတွက် စမ်းသပ်ချက် ဖြစ်တယ်လို့ စင်္ကာပူဝန်ကြီးချုပ် လော်ရန့်ဝေါင်က  ပြောကြားခဲ့ပါတယ်။

အာဆီယံဟာ ဒေသတွင်းနဲ့ ဒေသတွင်းပြင်ပမှာ ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ တိုးမြင့် ရင်ဆိုင်နေရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့အကြောင်း The Straits Times စင်ကာပူ နေ့စဉ်ထုတ် သတင်းစာမှာ ဒီကနေ့ရက်စွဲနဲ့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေမှာ အာဆီယံရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး ဆက်လက် စုစည်း ညီညွတ်ကြဖို့လည်း စင်ကာပူဝန်ကြီးချုပ်က အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ နိုင်ငံရေးဆိုင်ရာ တိုးတက်မှုတစုံတရာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေသာ တိုးမြင့်လာနေပြီး အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ကိုင်စွဲကြဖို့နဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုပဲ တက်ရောက်ခွင့် ပြုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့် တားမြစ်ရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းကြဖို့လည်း စင်ကာပူဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဝေါင်က “အာဆီယံ လုပ်နိုင်တဲ့အရာတွေနဲ့ပတ်သက်လို့ နားလည်ထားဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်မယ့် ကြိုးပမ်းမှုတွေကို စိတ်ရှည်မြဲမြံစွာနဲ့ ဆက်လုပ်သွားရမှာပါ။ အထူးသဖြင့် မြေပြင်အခြေအနေမှာ ဘာတိုးတက်မှုမှ မရှိဘဲ မြန်မာနဲ့ပတ်သက်တဲ့ အာဆီယံရဲ့  ရပ်တည်ချက်ကို ဆက်ထိန်းထားဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အာဆီယံအပေါ် အများယုံကြည် လက်ခံဖို့ဆိုတာဟာ စိုးရိမ်စရာ ဖြစ်နေပြီ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို လာမယ့် ဒီဇင်ဘာလထဲမှာ အိမ်ရှင်အနေနဲ့ ကျင်းပသွားမယ်လို့ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဆိုပြုခဲ့ပြီး အဲဒီဆွေးနွေးပွဲဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးမှာ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ရှာဖွေသွား နိုင်ဖို့ ဖြစ်တယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘဟိဒါနုကွန်းက ပြောကြားထားပါတယ်။ 

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေပြီး ဒေသတွင်း အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေအပြင် အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်နေပါတယ်။

Source: Reuters/AFP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024