Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးရန် အမေရိကန် အဆင့်မြင့်သံတမန် ထိုင်းနိုင်ငံကိုလာမည်
DVB
·
October 3, 2024
photo Crd-U.S Department of State

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရက်ရက်စက်စက် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန် အဆင့်မြင့်သံတမန်တယောက် ထိုင်းနိုင်ငံသို့ လာရောက်ဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန  က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနခွဲတခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု တရားမျှတရေးရုံး (GCJ) သံအမတ်ကြီး ဘသ်ဗန်ရှော့ခ်ဟာ  အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံကို လာရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အမေရိကန်သံအမတ်ကြီး ဗန်ရှော့ခ်ဟာ ထိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ပညာရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဒဏ် ခံစားခဲ့ရသူတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေးကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်ပြီး တရားမျှတမှုရရှိရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ကိုလည်း ဆက်လက် တောင်းဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကြောင့် အရပ်သား ပြည်သူစုစုပေါင်း  ၅၇၂၆  ယောက် သေဆုံးပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၅၀၂ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုထ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024