အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းနဲ့ ပင်လယ်ကွေ့ကမ်းရိုးတန်းက သင်္ဘောကျင်းလုပ်သားတွေနဲ့ လုပ်ခလစာအတွက် ညှိနှိုင်းမှု ပျက်ပြယ်ပြီးတဲ့နောက် (အောက်တိုဘာ ၁ ရက်) မှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး သပိတ်မှောက်မှု စတင်ခဲ့ပါတယ်။
ဒီသပိတ်ကြောင့် နိုင်ငံရဲ့ သမုဒ္ဒရာရေကြောင်းပို့ဆောင်မှု ထက်ဝက်လောက် စီးဆင်းမှုကို ရပ်တန့်စေခဲ့တာပါ။
သပိတ်မှောက်မှုအတွင်း မိန်းပြည်နယ်ကနေ တက္ကဆက် ပြည်နယ်အထိ ဆိပ်ကမ်း ဒါဇင်များစွာကို ဖြတ်သန်းပြီး မော်တော်ကားတင်ပို့မှုကနေ အစားအသောက်တွေအထိ တင်ပို့ကုန်စည်အားလုံးကို ပိတ်ဆို့ထားပြီး စီးပွားရေးအရ တနေ့ကို ဒေါ်လာဘီလီယံနှင့်ချီပြီး ဆုံးရှုံးနစ်နာခဲ့ပါတယ်။
ဆိပ်ကမ်းအလုပ်သမား ၄၅,၀၀၀ ကို ကိုယ်စားပြုတဲ့ နိုင်ငံတကာ Longshoremen's Association သမဂ္ဂဟာ (စက်တင်ဘာ ၃၀ ရက်) နောက်ဆုံးထားပြီး ၆ နှစ်စာချုပ်အသစ်အတွက် ပင်လယ်ရေကြောင်း မဟာမိတ်အဖွဲ့ (USMX) အလုပ်ရှင်အဖွဲ့နဲ့ ညှိနှိုင်းနေခဲ့တာပါ။
အလုပ်အကိုင် ရရှိရေးကို ခြိမ်းခြောက်ရင်း ငွေကြေးဖောင်းပွမှုကို ဆွပေးနိုင်ခြေရှိနေတယ်လို့ သုံးသပ်သူတွေက သတိပေးထားပါတယ်။
သပိတ်မှောက်တာ တလကျော်ကြာရင် ငွေကြေးဖောင်းပွမှု တရစ်ချင်း တက်လာပြီး နှစ်လကြာသွားရင်တော့ ငွေဖောင်းပွမှု အများကြီး တက်လာတာကို တွေ့ရမယ်လို့ သယ်ယူပို့ဆောင်ရေး ဘောဂဗေဒပညာရှင် ဝေါလ်တာ ကမ်စ်ဇီစ်က ပြောထားပါတယ်။
အချိန်အကြာကြီး သပိတ်မှောက်နေခဲ့ရင် ဖြစ်လာမယ့် အန္တရာယ်နှစ်ခုကိုလည်း သူက သတိပေးထားပါတယ်။ တခုက ငွေကြေးဖောင်းပွမှုနဲ့ အလုပ်အကိုင်အပေါ် သက်ရောက်မှုတိုးလာပြီး နိုင်ငံရေး ပြဿနာ ဖြစ်လာနိုင်တယ်၊ ဝန်ထမ်းတချို့ ပင်ပန်းလာမယ်။ နောက်တပိုင်းကတော့ အထူးသဖြင့် ဆေးဝါးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ကုန်ပစ္စည်းစာရင်းမှာ နည်းပါးနေတယ်ဆိုရင်၊ ကျနော်တို့မှာ အမျိုးသားလုံခြုံရေး ပြဿနာရှိနေတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
Source-Reuters