၂၀၂၄ အမေရိကန်ရွေးကောက်ပွဲအတွက် ဒု-သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု တင်မ်ဝေါ့ဇ်နဲ့ ရီပတ်ဘလီကန်ပါတီဘက်က ဂျေဒီဗန့်စ်တို့ရဲ့ စကားစစ်ထိုးပွဲကို အောက်တိုဘာ ၂ ရက်က နယူးယောက်ခ်မြို့မှာ ကျင်းပပါတယ်။
အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ်ဗန့်စ်နဲ့ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေး ဝေါ့ဇ် တို့ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ကိုယ်ဝန်ဖျက်ခွင့်ဆိုင်ရာကိစ္စရပ်တွေမှာ အချေအတင် ပြောဆိုခဲ့ကြပေမဲ့ အိမ်ရာအကျပ်အတည်း ဖြေရှင်းရေးမှာတော့ သဘောတူညီမှုရှိခဲ့ပါတယ်။
အဲဒီစကားစစ်ထိုးပွဲမှာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မေးခွန်းတွေနဲ့စတင်ခဲ့ပြီး ဗန့်စ်နဲ့ ဝေါ့ဇ်တို့ဟာ အရှေ့အလယ်ပိုင်းအရေးကိစ္စကို ဆွေးနွေးခဲ့ကြပေမဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
၁ နာရီခွဲကျော် ကြာမြင့်ခဲ့တဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ ဝေါ့ဇ်ဟာ စကားပြောချိန် ၄၀ ဒသမ ၆ မိနစ် ရှိခဲ့တဲ့အတွက် ဗန့်စ်ရဲ့ ၃၈ ဒသမ ၁ မိနစ်ထက် အနည်းငယ် အချိန်ပိုရခဲ့ပါတယ်။
ဒု-သမ္မတလောင်း ၂ ယောက်က သူတို့ရဲ့ တွဲဖက်တွေဖြစ်တဲ့ ဒေါ်နယ်ထရန့်ပ်နဲ့ ကမ်မလာဟားရစ်အပေါ် တိုက်ခိုက်ပြောဆိုတာမျိုးထက် မူဝါဒပိုင်းဆိုင်ရာကိုသာ အဓိကထား ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဗန့်စ်နဲ့ ဝေါ့ဇ်တို့အကြားမှာ အိမ်ရာတွေ ပိုမိုဆောက်လုပ်ပေးဖို့နဲ့ နေအိမ်ဈေးနှုန်း ကျဆင်းလာဖို့အတွက် စည်းမျဉ်းတွေ ဖြေလျှော့ပေးရမယ်ဆိုတဲ့ ရပ်တည်ချက်မှာတော့ တူညီပုံရပါတယ်။
ဒါပေမဲ့ အိမ်စျေးမြင့်တက်နေရတဲ့ အခြေခံအကြောင်းအရင်းမှာတော့ အမြင်ကွဲလွဲခဲ့ကြပါတယ်။ လာမယ့် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်ခင် ထရန့်ပ်နဲ့ ဟားရစ် ကြားမှာ နောက်တကြိမ်စကားစစ်ထိုးဖို့ အတည်မပြုနိုင်သေးတာကြောင့် အခုတခေါက်ဟာ နောက်ဆုံးဖြစ်နိုင်ပါတယ်။
CBS သတင်းဌာနရဲ့ စစ်တမ်းကတော့ ဗန့်စ်ကိုရွေးချယ်သူ ၄၂ ရာခိုင်နှုန်း၊ ဝေါ့ဇ်ကို ရွေးချယ်သူ ၄၁ ရာခိုင်နှုန်းနဲ့ ကြားနေသူ ၁၇ ရာခိုင်နှုန်း ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။
Source-Reuters