Home
နိုင်ငံတကာ
ထရမ့်ပ်  မဲဆွယ်မှုအပေါ် ဟက်ကင်းလုပ်သည့် အီရန် ၃ ဦးကို  အမေရိကန် တရားစွဲဆို
DVB
·
September 28, 2024
Photo-Reuters

ဒေါ်နယ်ထရမ့်ပ်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို တရားမဝင် ဒေတာအချက်အလက် ဖောက်ထွင်းဖို့ ဟက်ကင်းလုပ်တာနဲ့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲကို နှောင့်ယှက် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားတဲ့ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်မှ အဖွဲ့ဝင် ၃ ဦးတို့ရဲ့ ရာဇ၀တ်မှုစွဲချက်တွေကို အမေရိကန်တရားရေးဌာနက စက်တင်ဘာ ၂၇ ရက် မှာ ဖွင့်ချပြလိုက်ပါတယ်။ 

စွဲချက်တင်ခံထားရသူ ၃ ဦးဟာ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးမှုကို ပျက်ပြားစေဖို့ ကြိုးပမ်းနေခဲ့ကြောင်း ရှေ့နေချုပ် မဲရစ်ခ် ဂါလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

သူတို့ ၃ ဦးဟာ သဘောထားကွဲလွဲမှုကို လှုံ့ဆော်ဖို့နဲ့ အမေရိကန် ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ပျက်ပြားစေဖို့ ၂၀၂၀ ခုနှစ်မှ စတင်ပြီး အမေရိကန် အရာရှိတွေ၊ သတင်းထောက်တွေနဲ့ မဲဆွယ်စည်းရုံးသူတွေကို ပစ်မှတ်ထားတဲ့ ကျယ်ပြန့်တဲ့ ဟက်ကာလှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ အဲဒီစွဲချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကြေးနန်းလိမ်လည်မှု၊ အထောက်အထား ခိုးယူမှုနဲ့ ကွန်ပျူတာလိမ်လည်မှုတွေလည်း စွဲချက်တွေထဲမှာ ပါဝင်နေပါတယ်။ 

သူတို့ဟာ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးမှုကို ပျက်ပြားစေအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သူတို့ကိုယ်တိုင် နှုတ်က ထုတ်ပြောခဲ့တယ် လို့လည်း ဆိုပါတယ်။ 

အီရန်ရဲ့ အဖျက်လုပ်ရပ်တွေက ကျယ်ပြန့်နေပြီး အမေရိကန် အစိုးရကလည်း သမ္မတဟောင်း ထရမ့်ပ် အပါအဝင် လက်ရှိနဲ့ အရင်အမေရိကန် အစိုးရအရာရှိတွေကို ဆန့်ကျင်ပြီး အီရန်ရဲ့ သေစေလောက်တဲ့ လုပ်ကြံမှုကို အပြင်းအထန် ခြေရာခံနေပါတယ်လို့လည်း ဆိုပါတယ်။

ထောက်လှမ်းရေးအသိုက်အဝန်းက အစီရင်ခံတင်ပြထားသလိုပဲ ဒီရွေးကောက်ပွဲ အဝန်းအဝိုင်း အတွင်းမှာ အီရန်ရဲ့ ဆိုက်ဘာလှုပ်ရှားမှုတွေ ပိုပိုပြီး ပြင်းထန်လာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီစွဲချက်တင်မှုဟာ ရီပတ်ဘလစ်ကန်သမ္မတ ထရမ့်ပ်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဒုသမ္မတ ကမ်မလာ ဟားရစ်စ်တို့ကြား သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ကြတဲ့ နိုင်ငံခြားရေး ကြိုးပမ်းမှုတွေကို တန်ပြန်ဖို့ ဘိုင်ဒန်အစိုးရရဲ့ နောက်ဆုံးကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

အီရန်ကတော့ အမေရိကန်အရာရှိဟောင်းတွေကို ပစ်မှတ်ထားတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ စက်တင်ဘာ ၂၆ ရက်မှာ ပြောဆိုခဲ့ပါတယ်။

 Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013