အစ္စရေးကို ပစ်မှတ်ထားတဲ့ အီရန်ဒုံးကျည်တွေကို အမေရိကန်ရေတပ်ဖျက်သင်္ဘော ၂ စင်းက ကြားဖြတ် ဒုံးကျည် ၁၂ စင်းနဲ့ ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အောက်တိုဘာလ ၁ ရက်မှာ ပြောပါတယ်။
အီရန်နိုင်ငံအတွင်းမှ ပစ်လွှတ်ခဲ့သမျှ ဒုံးကျည်အားလုံးကို ပစ်ချရာမှာ တခြား အမေရိကန်စစ်ပစ္စည်းတွေကို မသုံးခဲ့ဘူးလို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးရဲ့ နေရာအများအပြားကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် ၂၀၀ လောက်နဲ့ တိုက်ခိုက်ခြင်းကို ရိုက်ဒါက ရှုတ်ချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစ္စရေးကို အီရန်မှ သိသိသာသာ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို အမှတ်အသားပြုပါတယ်။
အီရန်ကို သူ့ရဲ့ကြားခံ တပ်ဖွဲ့တွေရဲ့ဆောင်ရွက်မှုတွေ အပါအဝင် နောက်ထပ် ရန်စမှုတွေကို ရပ်တန့်ဖို့ အမေရိကန်က အလေးပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို အချိန်အတော်ကြာ စောင့်ကြည့်နေပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးချက် မရှိကြောင်း ရိုက်ဒါမှ ရှင်းလင်းပြောပါတယ်။
ပိုကျယ်ပြန့်လာတဲ့ ဒေသတွင်းပဋိပက္ခကို တားဆီးဖို့ ဆက်လက် ကြိုးပမ်းမှုတွေကို အလေးပေးပြောဆိုခဲ့ပါတယ်။
အီရန်ဟာ လက်ဘနွန်ရှိ တီဟီရန်ရဲ့ ဟစ်ဇ်ဘိုလာ မဟာမိတ်တွေအပေါ် အစ္စရေးရဲ့စစ်ဆင်ရေးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို အင်္ဂါနေ့က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေးနဲ့အမေရိကန် ၂ နိုင်ငံစလုံးက ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ကတိပြုခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ အချက်ပေးသံတွေ မြည်နေပြီး ဂျေရုဆလင်နဲ့ ဂျော်ဒန်မြစ် ချိုင့်ဝှမ်းတို့မှာ ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။
အစ္စရေးတွေက ဗုံးခိုစခန်းတွေမှာ စုပြုံရောက်ရှိနေကြပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားက သတင်းထောက်တွေဟာ တိုက်ရိုက်ထုတ်လွှင့်နေချိန်အတွင်း မြေကြီးမှာ မှောက်နေကြရတာ ဖြစ်ပါတယ်။
Source-Reuters