အမေရိကန် အရှေ့တောင်ပိုင်းမှာ ဟာရီကိန်းမုန်တိုင်းဟယ်လင် ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၆၃ ယောက်ထက်မနည်း သေဆုံးပြီး လူသန်းချီ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။
မြောက်ကာရိုလိုင်းနားမှာ လမ်း ၄၀၀ လောက် ပိတ်ထားရဆဲဖြစ်ပြီး တောင်ပေါ်မြို့ကလေး အက်ရှ်ဗီးလ်းနဲ့ အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။
ဒေသခံတွေအတွက် ရိက္ခာတွေလေကြောင်းက ပေးပို့နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွိုင်ကူးပါးက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေတဲ့သူတွေကို လှေတွေ၊ ရဟတ်ယာဉ်တွေ၊ ယာဉ်ကြီးတွေနဲ့ လိုက်လံ ကယ်ဆယ်နေပါတယ်။
တင်နက်ဆီပြည်နယ်က ဆေးရုံတရုံမှာလည်း ဝန်ထမ်းနဲ့ လူနာ အယောက် ၅၀ လောက် အဆောက်အအုံ ခေါင်းမိုပေါ်မှာ ပိတ်မိနေလို့ ကယ်ဆယ်ခဲ့ရပါတယ်။
ဖလော်ရီဒါပြည်နယ် ဘစ်ဘန်းအမျိုးသားဥယျာဉ်နယ်မြေတဝိုက်ကို တိုက်ခတ်ခဲ့တဲ့အထဲမှာ အားအကောင်းဆုံးမုန်တိုင်းကြီး ဖြစ်ပါတယ်။
မုန်တိုင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့အပြီးမှာ မြောက်ဘက် ဂျော်ဂျီယာနဲ့ ကာရိုလိုင်းနားပြည်နယ်တွေကို ဆက်လက် ဝင်ရောက်နေပါတယ်။
မုန်တိုင်းကြောင့်ပျက်ဆီးဆုံးရှုံးမှုတွေဟာ ဒေါ်လာဘီလီယံချီမယ်လို့ အာမခံလုပ်ငန်းတွေနဲ့ ဘဏ္ဍာရဝေးအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။
ဟယ်လင်မုန်တိုင်းဟာ သိသိသာသာအားပျော့သွားပြီဖြစ်ပေမဲ့ လေပြင်းတိုက်တာ၊ ရေကြီးတာနဲ့ တော်နေဒိုမုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဟယ်လင်မုန်တိုင်းဟာ အဆင့်လေး ဟာရီကိန်းအဖြစ် ကြာသပတေးနေ့ညက ကုန်းတွင်းပိုင်ဝင်အပြီးမှာ ၆ နာရီလောက်ကြာအောင် ဟာရီကိန်းအဆင့်နဲ့ တိုက်ခတ်ခဲ့ပါတယ်။
ဒီမုန်တိုင်းဟာ အမေရိကန်ကို ဝင်ရောက်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံး အဆင့် ၁၄ ရှိပါတယ်။
မုန်တိုင်း အဝန်းဟာ မိုင် ၄၂၀ ကျယ်ပြီး သူ့ထက် ကျယ်တဲ့ ဟာရီကိန်းမုန်တိုင်းက ၂ ခုပဲရှိပါတယ်။ အဲဒီလို မုန်တိုင်းသက်ရောက်ဧရိယာကျယ်လွန်းတဲ့အတွက် ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တင်နက်ဆီနဲ့ တောင်နဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေမှာ လေတိုက်နှုန်းပြင်းထန်သလို မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။
Source-Reuters