မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်လုပ်ဆောင်ဖို့ ကမ္ဘောဒီးယားက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကို တိုက်တွန်းလိုက်တဲ့အကြောင်း The Phnom Penh Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၀ ရက်ကနေ ၂၈ ရက်အထိ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဆော့ခ် ချန်ဒါ ဆိုဖီယာက မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း၊ ကမ္ဘောဒီးယားအနေနဲ့ တခြား သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ဖြေရှင်းချက်အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကတိပြုထားကြောင်း ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေအတွက် အထောက် အကူဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ဖို့ အရေးကြီးကြောင်း ကျနော်တို့ အလေးပေး ပြောကြားခဲ့ပါတယ်ေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးနဲ့ ရေရှည်တည်တံ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးစတာတွေ ရရှိဖို့ မြန်မာဦးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက်လည်း လိုအပ်တဲ့အကြောင်း အလေးပေးပြော ကြားခဲ့ပါတယ်။”
ဒါ့အပြင် ချန်ဒါ ဆိုဖီယာက လာအိုနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရာမှာ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံ ပုံမှန်ပြန်လည်ထူထောင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ့်အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မစ္စ ဂျူလီ ဘစ်ရှော့ကို ခန့်အပ်တာကိုလည်း ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်က ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာ အဆိုပါ တွေ့ဆုံမှုအတွင်း ဟွန်ဆန်က ခမာနီခေတ် နောက်ပိုင်းက ကမ္ဘောဒီးယားပဋိပက္ခကို အဆုံးသတ်နိုင်စေမယ့် သူ့ရဲ့ win-win မူဝါဒကို မျှဝေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ယန်း ပီးရိုက “ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်က တချို့အာဆီယံခေါင်းဆောင်တွေနဲ့ စူပါပါဝါတွေက သူ့ကို ဝေဖန်ကြတယ်။ ဒါပေမဲ့ အခုချိန်ထိ မြန်မာ့အရေးအတွက် ကမ္ဘောဒီးယားထက် ပိုကောင်းတဲ့ နည်းလမ်းကို သူတို့ထဲက တယောက်မှ မပေးနိုင်ကြသေးဘူး။ သူတို့က မြန်မာနိုင်ငံကို ပြည်တွင်းစစ်ထဲကို တွန်းပို့နေသလိုပဲ” လို့ ပြောလိုက်ပါတယ်။
Source: The Phnom Penh Post