Home
မြန်မာသတင်း
မြန်မာလူထုဆန္ဒကို အိမ်နီးချင်းနိုင်ငံများသိရှိစေရေး လုပ်ဆောင်ရန် မြန်မာ သံအမတ်ကြီး တိုက်တွန်း 
DVB
·
September 22, 2024
Photo -Sethu Win

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေရဲ့ သဘောထားမတည်ငြိမ်မှုတွေက ပြည်သူတွေအပေါ် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေတာကြောင့် ပြည်သူတွေရဲ့တော်လှန်ရေး လိုလားချက်ကို အိမ်နီးချင်းနိုင်ငံတွေ ပြတ်ပြတ်သားသား သိအောင် ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ဖို့လိုတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးအတွက် အမေရိကန်ရောက်မြန်မာတွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၂ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ ဆန္ဒထုတ်ဖော်ကြရမှာ သံအမတ်ကြီးလည်းပါဝင် တက်ရောက်မိန့်ခွန်းပြောသွားတာပါ။ 

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေချိန်မှာ အမေရိကန် ပြည်နယ်အသီးသီးက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုစည်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လတ်လောအခြေအနေတွေအရ သူ့ကို သံအမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားရေး အခြေအနေကောင်းတွေ ရှိနေတယ်လို့ ဦးကျော်မိုးထွန်းက ပွဲတက်ရောက်လာသူတွေကို အသိပေးပါတယ်။

သံအမတ်ပြီး ဦးကျော်မိုးထွန်းက “နိုင်ငံတကာမှာဖြစ်နေတဲ့ အနေအထား၊ ဒေသတွင်းမှာ ဖြစ်နေတဲ့ အနေအထားတွေကိုလည်း ကျနော်တို့အားလုံးကလည်း စိတ်ဝင်စားကြတယ်၊ အားလုံးကလည်း စောင့်ကြည့်နေကြတယ်ပေါ့နော်။ ဒီလိုအနေအထားတွေမှာ မြန်မာနိုင်ငံကို လာတဲ့လူတွေလည်း ရှိတယ်၊ စကစ မအလတို့နဲ့ တွေ့ဆုံမှုတွေလည်း ရှိတယ်၊ ဒီလိုမျိုးအချိန်မှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိကြတယ်ပေါ့နော်။ ကျနော်တို့အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဒီလိုကိစ္စတွေမှာဆိုရင် တခါတလေမှာ သူတို့အကျိုးစီးပွားကို ကြည့်တာရှိတယ်။  သူတို့ ဘယ်လိုရှေ့သွားချင်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သူတို့ indication ပုံစံတွေ ရှိတယ်ပေါ့နော်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေ ဖြစ်ချင်တဲ့ဥစ္စာတွေကို မသိသိအောင် ဒီထက်ပိုပြီးတော့ လုပ်သွားနိုင်တယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေရော နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ရော ကျနော်တို့ရဲ့ ရှေ့သွားလိုမှုကို သူတို့ ပြတ်ပြတ်သားသားသိအောင် ကျနော်တို့လုပ်ဖို့လိုပါမယ်၊ တချို့လည်း သိတဲ့အတိုင်းအတာတွေ ရှိတယ်။ တချို့တွေလည်း မသိဘဲနဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းကို သွားတဲ့ဥစ္စာမျိုးတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒကိုတော့ ဒီ့ထက်ပိုပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကျနော်တို့ လုပ်ပြနိုင်လေလေ ဒီနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့အသံ ကျနော်တို့ပြည်သူတွေရဲ့ လိုလားချက်ကို လျစ်လျူရှုလို့မရဘူးလို့ မြင်ပါတယ်။”

နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၀ ရက်ကနေ စတင်ကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ညီလာခံပြင်ပဆွေးနွေးဝိုင်းတွေမှာ တက်ရောက်ဖို့  NUG ကျန်းမာရေးဝန်ကြီးအဖြစ် လိပ်မူပြီး ဒေါက်တာဇော်ဝေစိုးကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒီလိုအသိအမှတ်ပြုဖိတ်ကြားတာဟာ အရင်နှစ်တွေကနဲ့မတူတဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုကို NUG ခေါင်းဆောင်တွေ ရလာတာ ဖြစ်ပါတယ်။

ဒီနေ့ နယူးယောက်မြို့ ဆန္ဒပြပွဲမှာ ပါဝင်တက်ရောက်လာတဲ့ NUG ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက “ဒီတော်လှန်ရေး အတွင်းမှာ ကျနော်တို့ Community Health Worker တွေ ကျနော်တို့ မွေးထုတ်နေပါတယ်။ အားလုံး သိမယ်နဲ့တူပါတယ်။ အဲဒီပရိုဂရမ်နဲ့ ချိတ်ဆက်ပြီး ကျနော်တို့ကို အခုဒီနှစ်ညီလာခံ Sideline Meeting မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးအနေနဲ့ ဖိတ်တဲ့ဖိတ်စာနဲ့ ကျနော် လာတက်တာ ဖြစ်ပါတယ်။ အဲဒါတွေဟာ တကယ်တမ်းတော့ အခုဒါတွေနဲ့ ဆက်စပ်နေတယ်ပေါ့နော်။ ဦးကျော်မိုးထွန်းရဲ့ ဒီမှာတည်ရှိနေခြင်းနဲ့လည်း ပတ်သက်နေတာပေါ့”လို့ ပြောပါတယ်။

အခုနှစ် ဦးကျော်မိုးထွန်းကို တာဝန်ဆက်ပေး၊ မပေး ဆုံးဖြတ်နိုင်တဲ့ အဖွဲ့ဝင် ၉  နိုင်ငံနဲ့ဖွဲ့ထားတဲ့ Credentials Committee  (အရည်အချင်း စစ်ကော်မတီ)ကို အင်တီဂွါနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခန့်အပ်ထားပါတယ်။

Save Myanmar မှ ကိုရင်အေးက “ဥပဒေကြောင်းအရ အရေးကြီးတဲ့ စာလုံးတွေကအစ ကျနော်တို့ သေချာလေ့လာပြီးတော့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အဲဒီစာတွေကိုလည်း နိုင်ငံခေါင်းဆောင်တွေ အသီးသီးကို ပေးပို့ထားတာတွေရှိပါတယ်။ Credential ကော်မတီ ခေါင်းဆောင်တွေ၊ UN လုံခြုံရေးကောင်စီခေါင်းဆောင်တွေ၊ UN အတွင်းရေးမှူးချုပ်၊ ဥပဒေအကြံပေးကောင်စီတွေကို ကျနော်တို့ ပို့ထားတယ်။ တရုတ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေကို ဟန့်တားဖို့အတွက် ကျနော်တို့ဘက်ပေါင်းစုံကနေ ပြင်ဆင်ထားပါတယ်။ တခု ကောင်းတာကတော့ Credential ကော်မတီဟာ လုံခြုံရေးကောင်စီလို့ ဗီတိုအာဏာမရှိပါဘူး။ အဲဒီတခုက ကျနော်တို့အတွက် ကံကောင်းသွားပါတယ်။ တရုတ်၊ ရုရှား ဗီတိုကိုသုံးလို့မရဘူး။ အဲဒါတခုက ကံကောင်းတယ်၊ ဘာပဲဖြစ်စေ အကောင်းဆုံးတော့ ဖြစ်လာမယ် မျှော်လင့်တယ်။ ဒါပေမဲ့ တရုတ်ရဲ့ စစ်ကောင်စီဘက်ကနေ တရားဝင် ဗြောင်ရပ်တည်လာတဲ့ ရပ်တည်ချက်က သိပ်အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ စတင်ခဲ့ပြီး မြို့လယ်ဧရိယာအတွင်းမှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာကုလကိုယ်စားလှယ်အဖြစ် ၁ နှစ်တကြိမ်သ က်တမ်းတိုး နေရတာဖြစ်ပြီး ဒီနှစ်မှာ ဆက်လက်ရွေးချယ်ခန့်အပ်မယ်ဆိုရင် ဦးကျော်မိုးထွန်းဟာ တော်လှန်ရေးကာလအတွင်း ၄ နှစ်ဆက် ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။

Woman Advocacy Coalition-Myanmar အဖွဲ့မှ ဒေါ်ခင်လေးက “စနစ်တကျနဲ့ အောင်မြင်တဲ့လမ်းကြောင်းမှာ စစ်ရေးအရ နိုင်ငံရေးအရ သွားနေတာတွေကိုလည်း ကျမတို့ ခေါင်းဆောင်တွေက ပြောလို့ရသလောက်တော့ ပြောသွားပြီးဖြစ်ပါတယ်။ အဲ့ဒီတော့ ကျမတို့အနေနဲ့လည်း ယုံကြည်ပါတယ်။ အမှန်တရားအတွက် တရားမျှတမှုအတွက် ကျမတို့ တိုက်ပွဲဝင်နေတာ ဖြစ်တဲ့အတွက် ကျမတို့အောင်ကို အောင်မြင်ရမယ်လို့လည်း ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံကနေ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ထပ်မံသက်တမ်းတိုးပေးဖို့ ကနေဒါနိုင်ငံ တိုရန်တိုနဲ့ ဗန်ကူးဗားမြို့တွေရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေက  စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို သိဖို့အတွက် ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဖို့လိုတယ်လို့ ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေက ပြောပါတယ်။ 

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို နိုင်ငံတကာက သိအောင် ပြောပေးနေတဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် ဖြစ်တာကြောင့် ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဖို့ လိုတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူအနေနဲ့ ဆက်ရှိနေဖို့ ကနေဒါနိုင်ငံတို ရန်တိုမြို့မှာတင်မဟုတ်ဘဲ တခြားမြို့တွေမှာပါ တပြိုင်နက်တည်း ဆန္ဒပြ တောင်းဆိုနေကြတာပါ။

အဲဒီဆန္ဒပြပွဲတွေမှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိနေဖို့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အရေးယူနိုင်ဖို့အတွက် ပူးပေါင်းပေးဖို့ကိုပါ တောင်းဆိုခဲ့ကြတာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကို ကိုယ်စားပြုသူမဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအစိုးရကိုသာ ကိုယ်စားပြုသူဖြစ်တယ်လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ပြောဆိုခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုကို လက်သင့်မခံကြောင်း ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

အဲဒီအတွက်ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံကနေ ထက်မံအသိအမှတ်ပြုဖို့ နိုင်ငံအနှံ့မှာရောက်နေကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေက သူတို့တွေနေထိုင်ရာ တိုင်းပြည်တိုင်းမှာ တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ 

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးမကြာခင်မှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြီး ပြည်သူ့ဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

သံမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားပေမဲ့ အရေးပါတဲ့ ဆွေးနွေးချက်တွေမှာ ပါဝင်ဆွေးနွေးခွင့်မရခဲ့တာကြောင့် ဒါကြောင့် ပိုပြီးထိထိရောက်ရောက် ဆွေးနွေးနိုင်မယ့် အသိအမှတ်ပြုမှုမျိုးကို ကုလသမဂ္ဂဘက်က ပေးအပ်ဖို့ မြန်မာပြည်သူတွေက တိုက်တွန်းနေကြပါတယ်။ 

သုတချမ်းသာ/ အောင်သူ 

Photo -Sethu Win

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024