အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို လာအိုမှာ ဒီတပတ်အတွင်း ကျင်းပမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတို့ကို အဓိက ဆွေးနွေးနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်းနေကြပါတယ်။
ဒါ့ကြောင့် လာအိုမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးပွဲဟာ အာဆီယံအတွက် စမ်းသပ်မှုတခုလည်း ဖြစ်လာမှာပါ။
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးတို့အတွက် ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံဟာ နိုင်ငံ ၁၀ နိုင်ငံမှာရှိတဲ့ ပြည်သူ ၆၈၅ သန်းကျော်အတွက် ငြိမ်းချမ်းရေး လုပ်ဆောင်ချက် အစီအစဉ်တွေ ချမှတ်ရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီနာတာလဂါဝါက တောင်တရုတ်ပင်လယ်နဲ့ မြန်မာအရေးကိစ္စတို့က အာဆီယံအတွက် စမ်းသပ်မှုတခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် အာဆီယံဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဘုံသဘောတူညီချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ခုချိန်အထိ တချက်မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ကောင်စီက မလိုက်နာဘဲ အကြမ်းဖက်မှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းက မြန်မာအရေးကိစ္စကို သံတမန်ရေးအရ ဖြေရှင်းဖို့ နောက်နှစ်မှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှားနိုင်ငံနဲ့ အတူပူးပေါင်းသွားမယ်လို့ ပြောဆိုထားပါတယ်။
အာဆီယံ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံက ကိုယ်စားလှယ်တွေပါ ပါဝင်ဖွယ်ရှိပါတယ်။
တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့အကြား သဘောထား တင်းမာမှုတွေကို အဖြေရှာရမှာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကနေ မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ပင်ထားပေမဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောင်ကျော်မိုး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီမှုကို မြန်မာစစ်တပ်က အစောပိုင်းမှာ သဘောတူခဲ့ပေမဲ့ လိုက်နာမှု မရှိတာကြောင့် အာဆီယံက ထိပ်သီးအစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
Source-Reuters