Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ်စေလွှတ်
DVB
·
October 8, 2024
Photo- ASEAN

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်သွားဖို့ ရှိနေတဲ့အကြောင်း မလေးရှား The Star သတင်းမှာ ဖော်ပြပါတယ်။

ဦးအောင်ကျော်မိုးဟာ မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့ အစည်းအဝေးကို တက်ရောက်မှာ ဖြစ် ပြီး ပြီးခဲ့တဲ့  ၃ နှစ်အတွင်း မြန်မာကိုယ်စားလှယ်အနေနဲ့  အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပထမဆုံးတက်ရောက်ခွင့်ရတာလည်း ဖြစ်ပါတယ်။

စစ်ဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက စတင်ပြီး အာဆီယံအဆင့်မြင့် အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က နိုင်ငံရေးရာထူးရယူ ကိုယ်စားပြုသူတွေကို တက်ရောက်ခွင့်ကို အာဆီယံကပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေး ကိုယ်စားပြု မဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ အရေးယူထားခဲ့တာပါ။ 

အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်ခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေတက်ရောက် ခွင့်မရပေမဲ့ ခုတခါမှာတော့ ပထမဆုံးအနေနဲ့ ဗီယန်ကျင်းမြို့မှာ သုံးရက်ကြာ ကျင်းပမယ့် အစည်းအဝေးကို မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးကို စေလွှတ်ခဲ့တာပါ။

ဦးအောင်ကျော်မိုးဟာ အခုနှစ် မေလတုန်းကမှ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် တာဝန်တွေကို ထမ်းဆောင်ဖို့ စစ်ကောင်စီရဲ့ တာဝန်ပေးအပ်ခံထားရသူဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ လာအိုမှာကျင်းပတဲ့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့  ဂျာကာတာမြို့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမဲ့ စစ်ကောင်စီက တခုမှ အကောင်အထည် မဖော်နိုင်သလို စစ်အာဏာသိမ်းဆန့်ကျင် အတိုက်အခံ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုချက်ကိုလည်း စစ်အုပ်စုက ငြင်းဆိုခဲ့ပါတယ်။

အခုလ ၄ ရက်တုန်းကတော့ မြန်မာ့ပြည်တွင်းစစ် ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီးတော့ သံတမန်ရေးရာ ဆွေးနွေးပွဲကို  ဂျကာတာမြို့မှာ ၂ ရက်တာ ကျင်းပခဲ့ပြီး ဒီဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေနဲ့ NUG အပါအဝင် မြန်မာ့အတိုက်အခံ အင်အားစုတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အာဆီယံအစည်းအ၀ေး ၅၀၀ ကျော်ကို စစ်အုပ်စုဘက်က တက်ရောက်ခွင့်ရခဲ့ပြီး  အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ဖို့ နဲ့ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က ထုတ်ပြန် တောင်းဆိုထား ပါတယ်။

Souce: AFP/ The Star

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013