လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်တာဟာ ဆွေးနွေးပွဲလမ်းကြောင်းပေါ် တက်နိုင်ဖို့ ကြိုးစားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။
အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲလာတာကို ကြိုဆိုပေမဲ့ ဘုံသဘောတူညီချက် ၅ ရပ် လမ်းကြောင်းပေါ်မှာပဲ ရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးကိုလည်း ဦးစားပေး ဆွေးနွေးနေကြတာပါ။
မြန်မာပြည်တွင်း မတည်ငြိမ်မှုကာလ ကြာလာတာနဲ့အမျှ ဒေသတွင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေ များလာတာကြောင့် အခုလိုဆွေးနွေးလာရတာ ဖြစ်ပါတယ်။
အာဆီယံက တော်လှန်ရေးအင်အားစုတွေအပေါ် ချဉ်းကပ်ပုံပြောင်းလဲပြီး မြန်မာ့အရေးကို စေ့စပ်ဖို့ ကြိုးစားလာသလို အင်အားကြီးနိုင်ငံတွေကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြင်သာတဲ့ ပြောဆိုချဉ်းကပ်မှုတွေ ရှိလာခဲ့တာပါ။
စစ်အာဏာသိမ်းစမှာ အာဆီယံလမ်းကြောင်းကနေတဆင့် မြန်မာ့အရေးကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ထိန်းဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေကို နိုင်ငံရေးရာထူး မယူထားတဲ့ ကိုယ်စားလှယ်ကိုပဲ တက်ရောက်ဖို့ အာဆီယံက ၂၀၂၁ အောက်တိုဘာလမှာ ဆုံးဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း သူတို့ကို အစည်းအဝေးတွေမှာ ဖိတ်ခေါ်ဖို့ မတောင်းဆိုခဲ့ဘဲ ပြည်တွင်းမှာ ပြည်သူတွေကို ဆက်လက်ဖိအားပေး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။
လတ်တလော ပြည်တွင်းတိုက်ပွဲတွေမှာ အထိအခိုက်များပြီး အခြေမလှချိန်ရောက်မှ အာဆီယံအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို အောက်ကျခံစေလွှတ်ပြီး ဆွေးနွေးပွဲလမ်းကြောင်းပေါ် တက်နိုင်ဖို့ ကြိုးစားလာတာလို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“မင်းအောင်လှိုင်ကို တခါမှ ပေးမတက်တော့ဘူး၊ ဒီဘုံသဘောတူညီချက် ၅ ရပ် အတည်ပြုပြီးတဲ့ နောက်ပိုင်းမှာ။ Non political appointee ပဲ တက်ရမယ်လို့ ပြောထားတာ၊ စစ်ကောင်စီက အောက်ကျခံပြီး မလွှတ်ဘူးဆိုပြီး ပြောပြီးတော့ အခုကတော့ အောက်ကျခံပြီး လွှတ်ရတဲ့ အနေအထား ရောက်နေတာပေါ့နော်။ အာဆီယံအဖွဲ့ကြီးက နိုင်ငံတကာရဲ့ အကူအညီ၊ အခုလည်း ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးတွဲပြီး လုပ်မယ်ဆိုတာလည်း ကောင်းပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတွေရဲ့အကူအညီ၊ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေနဲ့ ပူးတွဲပြီးတော့ လုပ်ဆောင်ခြင်းအားဖြင့် အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ ပိုကောင်းပြီးတော့ အောင်မြင်မယ်၊ အမေရိကန်ပြည်ထောင်စုတို့၊ တရုတ်တို့ ပါဝင်တဲ့ လုပ်ငန်းယန္တရားတခု ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးတော့ အာဆီယံရဲ့ လုပ်ဆောင်ချက် အောင်မြင်ဖို့အတွက် အားကောင်းမယ်၊ အားလုံးသည် ညီညီညွတ်ညွတ်နဲ့ ထိတွေ့ဆက်ဆံပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အရေး၊ အကြမ်းဖက်မှုတွေ ရပ်ဖို့အတွက်ကို ဆောင်ရွက်နိုင်မယ်။”
လာအို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးပွဲတရပ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာပြုလုပ်ဖို့ သဘောတူညီချက်တရပ် ရခဲ့ပြီး ကူညီဖို့ အသင့်ရှိတယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်က ပြောထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည်တွင်း ပဋိပက္ခတွေကနေ ဆက်စပ်ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ပတ်သက်ပြီး နည်းလမ်းရှာဖို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
တခြားသော အာဆီယံ ထိပ်သီးခေါင်းဆောင်တွေကလည်း လာမယ့် မြန်မာ့အရေး ဆွေးနွေးပွဲတွေမှာ သက်ဆိုင်ရာအစုအဖွဲ့ အားလုံးပါဝင်ဖို့ဆိုတဲ့ အချက်ကို ဆွေးနွေးခဲ့ကြတာ တွေ့ရပေမဲ့ မူလကရှိနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ် လမ်းကြောင်းပေါ်ကနေပဲ စဉ်းစားတဲ့သဘော တွေ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မိုးထက်နေက သုံးသပ်ပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ ချုပ်ပြောရင် မြွေမသေ တုတ်မကျိုး ကိစ္စပေါ့ဗျာ။ စစ်တပ်ကိုလည်း ထွက်ပေါက်ပေး ဒါမှမဟုတ် စစ်တပ်ကို ပြန်အသိအမှတ်ပြုဆိုတဲ့ ဒီလိုဟာမျိုးကို စဉ်းစားထားတဲ့ အထိုင်အခင်းအကျင်းပါပဲ။ ၂၀၀၈ အောက် ပြန်သွားပေါ့ဗျာ။ ဆိုတော့ ကျနော်တို့ ဒီဘက်က တောင်းဆိုချက်ကတော့ ရှင်းပါတယ်။ ချုပ်ပြောရင် ၂ ချက်ပေါ့ဗျာ၊ ဖက်ဒရယ်စနစ် ထူထောင်ဖို့ရယ်၊ စစ်တပ်က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဖို့ပေါ့ဗျာ။ အဲဒီ ၂ ချက်ကို ထည့်သွင်းစဉ်းစားတာ မလုပ်သမျှတော့ ကျနော်ထင်တယ် ဘာမှရုပ်ပေါက်လာမှာ မဟုတ်ဘူးပေါ့နော် နိုင်ငံတကာရဲ့ ကြိုးစားမှုကလည်း။ အခုကတော့ နိုင်ငံတကာသည် ဒီနေ့ဒီအချိန်အထိ သူတို့လုပ်ချင်တိုင်း လုပ်လို့ မရဘူးပေါ့နော်။ ကျနော်တို့ရဲ့ အခြေခံအတွေးအခေါ် ၂ ခု၊ ဒီအလံ ၂ ခုကို သူတို့ကျော်ပြီး လုပ်လို့မရသေးဘူး ဆိုတာတော့ ကျနော်တို့ရဲ့ အားသာချက်လို့ ကျနော် ရှင်းရှင်းမြင်ပါတယ်။”
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ကာလအတွင်း အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် ရှုမြင်မှုဟာ ပြည်သူတွေရဲ့ လိုလားချက်ကို ဦးစားမပေးဘဲ ကိုယ်စီနိုင်ငံတွေရဲ့ အကျိုးစီးပွားရေးရာ အပေါ်မှာသာ အခြေခံခဲ့တာ ဖြစ်တယ်လို့ မြေပြင် PDF ခေါင်းဆောင်တယောက်က ဝေဖန်ပါတယ်။
လတ်တလောမှာ မြန်မာ့အရေးကို အာဆီယံက ဦးစားပေး ဆွေးနွေးလာတာ၊ တော်လှန်ရေး အင်အားစုတွေအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲလာတာတွေ ရှိပေမဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနဲ့ နိုင်ငံရေးကနေ စစ်တပ် လုံးဝထွက်ခွာရေးမူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတယ်လို့ သူကဆိုပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့-ပုလဲ အဖွဲ့မှ ဥက္ကာက “အာဆီယံအနေနဲ့ မြန်မာနိုင်ငံ အရေးကို ချဉ်းကပ်ပုံ ပြောင်းလဲလာတာကိုတော့ ကြိုဆိုပါတယ်။ သို့သော်လည်းပဲ မြန်မာပြည်ရဲ့အရေးကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ စစ်ကောင်စီဟာ လူမှန်နေရာမှန်မဟုတ်ဘူး၊ သူတို့ရဲ့ မူလ နေရာမှန်ဖြစ်တဲ့ စစ်တန်းလျားကို သူတို့ ပြန်ကိုပြန်ရပါလိမ့်မယ်။ ဒါဆိုရင် ကျနော်တို့နိုင်ငံရေး ပြီးပါပြီ” လို့ ပြောပါတယ်။
အာဆီယံရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း အသင့်ရှိခဲ့ပြီး ပြည်သူတွေရဲ့ လိုလားချက်ကိုတော့ ဦးစားပေး တွက်ချက်တယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။
အားလုံးပါဝင်ရေးမူနဲ့ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲကိုလည်း NUG က ကြိုဆိုတယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်တာဟာ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဘက်က အဆင့်မြင့်အရာရှိတယောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပထမဆုံး ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ်။
သုတချမ်းသာ