မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၈ ယောက် သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့သလို အဲဒီစစ်ကြောင်းဟာ ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၂ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇီးကုန်းကျေးရွာနားမှာ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အင်အား ၇၀ လောက်ပါတဲ့ ရေစကြို ခလရ ၂၅၆ က ကောင်တွေနဲ့ တိုက်ပွဲဖြစ်တာ။ သူတို့စစ်ကြောင်းက ဇီးကုန်းရွာကနေ ထွက်လာတာ ဇီးကုန်းရွာနဲ့ ဇီးကုန်းကျွန်းကြားအရောက်မှာ ဖြတ်တိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲကတော့ ၁ နာရီကျော်တယ်။ သူတို့ဘက်က ၈ ယောက် သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေ များလို့ ပြန်လှည့်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နွေဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ပွဲကနေ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ MA 11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် ၂၇၅ တောင့်နဲ့ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး အောက်တိုဘာ ၁၂ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
“အရင်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အခါ သူတို့စစ်ကြောင်းက ဖမ်းပြီးသတ်ထားတဲ့ ပြည်သူ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီအတိုင်း တွေ့ခဲ့ရတယ်။ ဦးဇင်း ၁ ပါးနဲ့ စစ်သားအလောင်း ၆ လောင်းကိုတော့ မြေမြှုပ်ထားတာ တွေ့ရတယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ရေစကြိုမြို့နယ်၊ ဇီးကုန်း ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေတဲ့ PDF တပ်ဖွဲ့တွေကို စစ်ကောင်စီတပ်သားတွေက သွားရောက်တိုက်ခိုက်တုန်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရေးသား ဖော်ပြနေကြပါတယ်။