Home
မြန်မာသတင်း
ကျောင်းကုန်းတွင် ၁ နှစ်အရွယ်ကလေး အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
October 10, 2024
Photo-SS

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဖေ့စ်ဘွတ်ခ်ပေါ် လက်သုံးချောင်းထောင်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပို့စ်ကို မျှဝေတာကြောင့်ဆိုပြီး အသက် ၁ နှစ်အရွယ် ကလေး အပါအဝင် ဒေသခံ မိသားစုဝင် ၃ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့သူတွေကတော့ ကျောင်းကုန်းမြို့နယ်၊ တာကောက်ကျေးရွာက ဇနီးမောင်နှံ ၂ ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်၊ ပြည်သူစစ်နဲ့ ရဲတွေက စက်တင်ဘာ ၆ ရက်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ကိုမောင်တူးနဲ့ သူ့မိန်းမ မအောင်စုတင်တို့ကို စကစတပ်နဲ့ ပြည်သူ့စစ်တွေက ဖမ်းတာ။ လူမှုစာမျက်နှာပေါ်မှာ လက်သုံးချောင်းထောင်တဲ့ပို့စ် ဝေမျှတယ်ဆိုပြီး တိုင်ကြားမှုကြောင့် ဖမ်းတာတဲ့။ အသက်တနှစ်အရွယ် သူတို့ရဲ့ကလေးပါ ခေါ်သွားတာ။ ဒီလောက်ပဲ သိရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ လင်မယား ၂ ယောက်နဲ့ ကလေးကို ကျောင်းကုန်းရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်။ ရဲစခန်းက အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ပို့စ်ကိစ္စနဲ့ ဖမ်းတာပါ။ ဖုန်းကိုလည်း သိမ်းထားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံ ၂ ယောက်ကို  ကျောင်းကုန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-(က) နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013