စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အဝင်အထွက်လမ်းဖြစ်တဲ့ စက်မှုဇုန်-ကျောက်ဂူလမ်းပိုင်းကို စစ်ကောင်စီက အောက်တိုဘာ ၅ ရက် မနေ့မနက်ပိုင်းမှာ စက်ယန္တရားနဲ့ လာရောက် ဖျက်ဆီးသွားတာကြောင့် ကလေးတောင်ပိုင်းက လမ်းတွေအားလုံး သွားမရဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့တွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေက ကလေးကျောက်ဂူအနီးက တံတားတခုနဲ့ လမ်းမကို မြောင်းဖြစ်အောင် တူးဖော်ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
စက်မှုဇုန်-ကျောက်ဂူလမ်းပိုင်းကို စစ်ကောင်စီက ဖျက်ဆီးလိုက်တဲ့အတွက် ကလေးတောင်ပိုင်းက လမ်းတွေအားလုံး ပိတ်နေပြီး ဒေသခံတွေအနေနဲ့ မြိုထဲနဲ့ ရွာတွေဘက်ကို သွားလာလို့ မရတော့ဘူးလို ကလေးဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီက ကလေးမြို့နယ်တောင်ပိုင်းလမ်းတွေဖြစ်တဲ့ ကလေး-ဂန့်ဂေါလမ်းမကြီးနဲ့ မြို့လှပတ်လမ်းတွေကို ပိတ်ပင်ထားတာကြောင့် စက်မှုဇုန်-ကျောက်ဂူလမ်းကိုပဲ ဒေသခံတွေ အသုံးပြုနေကြရတာပါ။
လတ်တလောမှာတော့ အခက်အခဲမရှိနိုင်သေးပေမဲ့ စစ်ကောင်စီက လမ်းပိုင်းကို ကာလကြာပိတ်ထားရင် ဒေသခံတွေ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကလေးတောင်ပိုင်းဒေသခံတယောက်က ပြောပါတယ်။
အဲဒီလမ်းပိုင်းကို ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ကလေးမြို့မြောက်ပိုင်းက အိတ်စွတ်ကျေးရွာနဲ့ သင်္ဘောပင်ကွင်းရွာကြားက တံတားတစင်းကို စစ်ကောင်စီက ဖျက်ဆီးခဲ့ပါသေးတယ်။