ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကို အောက်တိုဘာ ၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဆီကနေ သိရပါတယ်။
၃၈၀၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့ စိုးမိုးနယ်မြေဖြစ်တဲ့ အုတ်ဖိုနယ်ထဲက ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ က စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့စစ်ကြောင်းထဲမှာပါတဲ့ ၁၂ ယောက်ကတော့ နေရာမှာတင်သေတယ်၊ ၁၅ ယောက်ထက် မနည်း အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်ကနေ သတင်းဝင်လာတယ်ဗျ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း G3 သေနတ် ၂ လက်၊ MA 1 သေနတ် ၁ လက်၊ ၆၀ မမ BA 100 စိန်ပြောင်း ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ G3 ကျည် ၁၈၁ တောင့်၊ MA1 ကျည် ၁၃ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ ခု နဲ့ ဖုန်း ၅ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
၃၈၀၂ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “ပြီးခဲ့တဲ့ မိုးများတဲ့ရက်က ဂမုန်းဆည်ကို ကျနော်တို့ရဲဘော်တွေ ထိန်းသိမ်းထားတယ်ဆိုတာ ဒီကောင်တွေ သတင်းရလို့ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ကြားဖြတ်တိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲက ၁ နာရီခွဲဝန်းကျင် ကြာခဲ့တယ်။ သူတို့စစ်ကြောင်းကတော့ အထိနာပြီး ပြန်ဆုတ်သွားတယ်။ အခုဆိုရင် ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေမှာ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကို ကျနော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေပြီး အောင်မြင်မှုတွေ ရတယ်ဆိုတာ ပြည်သူတွေ အသိအမြင်ပါပဲ။ ဆက်လက်ပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ကျနော်တို့ဆီမှာ ခဲယမ်းတွေ အရေးပေါ်လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၃၈၀၂ ရဲ့ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က တပ်ဖွဲ့ဝင်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။