Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ကို စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေး ၂ ဦးအပါအဝင်  ၄ ဦး သေဆုံး
DVB
·
October 12, 2024

ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးကျေးရွာကို  အောက်တိုဘာ ၁၂ ရက် ည ၁ နာရီလောက်မှာ စစ်တပ်က ဒရုန်းယာဉ်အသုံးပြု ဗုံးကြဲတာကြောင့် ကလေး ၂ ယောက်အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ကန့်ဘလူ ၆၀၀၆ တပ်နဲ့ ပြည်သူစစ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ညအချိန်မတော်ကြီးကို ကြဲချတာ။ ညတနာရီနီးပါးအချိန်က လူအများစု အိပ်ကောင်းတဲ့ အချိန်ပဲဗျာ။ ဘာတိုက်ပွဲမှမရှိဘဲ ဗုံးသီးကြဲချသွားတာ။ အဲလို ဒရုန်းယာဉ်နဲ့ဗုံးသီးချလို့ ပြည်သူနေအိမ်တွေပေါ်ကျတယ်။ ပွဲချင်းပြီး သားမိ ၃ ယောက်သေတယ်။ ဆေးရုံရောက်မှ တဦးသေတယ်” လို့ ပြောပါတယ်။ 

သေဆုံးသွားတဲ့သူတွေက မဖြူဖြူဝင်း (၃၄ နှစ်)၊ မငြိမ်းအိဖြူ (၁၂ နှစ်)၊ မသိမ့်သိမ့်ဖြူ (၄) နှစ်နဲ့ ကိုအောင်မျိုးဝင်း (၃၉ နှစ်) တို့ဖြစ်ပြီး ဦးလှထွန်း၊ ဒေါ်မြရင်၊ ကိုဝေဖြိုးအောင်၊ မသဲသဲဝင်း၊ မသဲသဲဝင်းနဲ့ နွားတကောင် ဒဏ်ရာရခဲ့ပြီး ဦးလှထွန်းက အခြေအနေ စိုးရိမ်ရကြောင်း၊ နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အင်းလယ်ကြီးကျေးရွာဟာ ကန့်ဘလူမြို့နဲ့ ၇ မိုင်ခန့်သာဝေးကွာပြီး အိမ်ခြေ  ၇၉၃ လုံးရှိကြောင်း၊ ပြီးခဲ့တဲ့ နှစ်ပိုင်းက စစ်တပ်က ရွာကို ၂ ကြိမ် မီးရှို့သွားတာကြာင့် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က “ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်က သတင်းထောက်လှမ်းတဲ့အခါ စစ်တပ်က ၈၁ မမ နဲ့ ၄ ကြိမ် ဒရုန်းယာဉ်အသုံးပြု ဗုံးချသွားတာဗျ။ ချတဲ့အလုံးအရေအတွက်က ၈ လုံးပေါ့။ စစ်တပ်က ကား ၃ စီးနဲ့ လာပြီး အခုလို ဗုံးကြဲသွားတာလို့ သိထားရတယ်ဗျ။ ကျနော်တို့နဲ့လည်း တိုက်ပွဲမဖြစ်ပါဘူးဗျာ။ သူတို့ပစ်ချင်လို့ကို သက်သက်ပစ်ချသွားတာပါ။ စကစ ပစထ စခန်းနဲ့ နီးစပ်တဲ့ ၄ မိုင်အတွင်းက ကျေးရွာတွေကို ကြိုတင်ရှောင်နေထိုင်ကြဖိုကိုလည်း သတိပေးထားပါတယ်” လို့ ပြောပါတယ်။

ကာဘိုးတိုက်နယ်အတွင်းကိုလည်း စစ်တပ်က အောက်တိုဘာ ၃ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ အောင်သာယာပျူရွာ နဲ့ ကာဘိုးစစ်တပ်စခန်းကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့ ပြည်သူ ၈ ယောက် ရှိပြီလို့  သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013