Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် ဗုံးကြဲ၊ ဒေသခံများ နေရပ်စွန့်ခွာ
DVB
·
October 11, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၄ ရွာကို စစ်တပ်က အောက်တိုဘာ ၁၁ ရက် ဒီမနက် ၄ နာရီခွဲလောက်က စတင်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးပျူရွာမှ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ပြုလုပ်တာဖြစ်ပါတယ်။

ကျေးရွာပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်တပ်နဲ့ ပျူတွေက ဘာတွေလုပ်နေကြတာလဲ မသိဘူးဗျာ။ ကျနော်တို့ရွာက ပြည်သူတွေကတော့ အကုန်လုံးကို ဘဝပျက်နေကြပါပြီ။ ရွာထဲမှာလည်း ဘာမှမရှိပါဘူးဗျာ။ ဘာပြောရမလဲဆိုတော့ ဒီကောင်တွေက သူတို့ကို မထောက်ခံတဲ့သူ အကုန်လုံးကို ရန်သူထင်ပြီး အကုန်တိုက်ခိုက်‌နေတော့တာပါပဲ။ အခုလည်း ကိုးမြို့ရွာဘက်ကို ဗုံးသီး ၂ လုံး၊ ဖလံချိုင်ကျေးရွာကို ဗုံးသီး ၂ လုံး၊ ညောင်ဇင်ကြီးကျေးရွာကို ဗုံးသီး ၄ လုံး၊ မင်းကုန်း(က)ရွာကို ဗုံးသီး ၆  လုံးချ တိုက်ခိုက်ခဲ့တယ်ဗျ။ ဒရုန်းယာဉ်နဲ့ ဗုံးသီးချတာဗျ။ ကျ‌နော်တို့ မင်းကုန်း(က)ရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ကျန်းမာရေးဆေးခန်းတို့ ထိခိုက်ပျက်စီးခဲ့တယ်ဗျ။ လူနဲ့တိရစ္ဆာန်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဆိုပါကျေးရွာ ၄ ရွာက ပြည်သူတွေဟာ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ တပ်တွင်းသတင်းရတဲ့အတွက် နေရပ်စွန့်ခွာ‌နေတာကြောင့် အခုတိုက်ခိုက်မှုမှာ ပြည်သူအထိအခိုက် မရှိတာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကွယ်ရေး ခေါင်းဆောင်တယောက်က “စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချမယ်လို့ တပ်တွင်းသတင်းရထားလို့ ပြည်သူတွေကို ရွာထဲကနေ တိမ်းရှောင်ဖို့ ကျနော်တို့ပြောထားလို့ ကံကောင်းသွားတာပေါ့။ အခု ဗုံးသီးကြဲချခံရတဲ့ ရွာတွေကို စစ်တပ်က မီးရှို့တာတွေလည်း ပြုလုပ်သွားသေးတယ်” လို့ ပြောပါတယ်။

ကိုးမြို့ရွာဟာ အိမ်ခြေစာရင်းရှိ ၁၈၇ လုံးရှိပြီး စစ်တပ်က မီးရှို့လို့ အိမ် ၁၆၉ လုံး မီးလောင်ခဲ့ပြီး ဖလံချိုင်ရွာကလည်း အိမ်ခြေ စာရင်းရှိ ၁၆၇ လုံးရှိကာ စစ်တပ်က မီးရှို့လို့ အိမ် ၉၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ညောင်ဇင်ကြီးရွာဟ အိမ်ခြေစာရင်းရှိ ၁၈၀ လုံးရှိပြီး စစ်တပ်ရဲ့ မီးရှို့မှုကြောင့် အိမ် ၁၀၉ လုံး မီးလောင်ခဲ့သလို မင်းကုန်း(က)ရွာ အိမ်ခြေစာရင်းရှိ ၁၆၇ လုံးရှိပြီး စစ်တပ်ရဲ့ မီးရှို့မှုကြောင့် အိမ် ၄၈ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြာင့် အဆိုပါကျေးရွာ ၄ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေကတော့ နေရပ်စွန့်ခွာ‌ေနကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013