မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဘုန်းကြီးကျောင်းတကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် သံဃာတော် ၃ ပါး အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝေါစုကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့ အောင်မင်္ဂလာသုခဘုန်းကြီးကျောင်းကို မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တာလို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ရွာနီးချုပ်စပ်က စစ်ဘေးရှောင်တွေက အဲဒီကျောင်းမှာ စစ်ဘေးရှောင်နေကြတာ။ နေ့လယ်ပိုင်းမှာ စစ်တပ်လေယာဉ်က ကျောင်းဝိုင်းထဲကို တည့်တည့်ဗုံးကြဲသွားတာခင်ဗျ။ ကျောင်းက ဦးဇင်း ၃ ပါးရယ် စစ်ဘေးရှောင်အမျိုးသား၊ အမျိုးသမီး ၉ ယောက်ရယ်ဆို ၁၂ ယောက်ကတော့ နေရာမှာတင် ဆုံးသွားတယ်။ ဆုံးသွားတဲ့စစ်ဘေးရှောင် ၉ ယောက်ထဲမှာ ကလေး ၁ ယောက်ပါတယ်။ ဒဏ်ရာရတဲ့သူက ၃၀ ကျော်ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ပေါင် ၂၀၀ ဗုံး ၁ လုံး ကြဲချသွားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာ ရရှိသွားကြသူတွေကို ဆေးကုသပေးနေသလို သေဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုတော့ စုံစမ်းနေတယ်လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
“ဒီနေရာက စစ်ဘေးရှောင်တွေ ယာယီခိုလှုံနေနေကြတဲ့နေရာလည်းဖြစ်တယ်။ ဘာသာရေး အဆောက်အအုံလည်းဖြစ်တယ်။ စစ်ရေးနဲ့လုံးဝ မသက်ဆိုင်တဲ့နေရာကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်တာဟာ ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ပဲပြောချင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိအခြေအနေအရ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း မတ္တရာမြို့နယ်ထဲကို လေကြောင်းနေဗုံးကြဲချသွားပြီး မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကလည်း လူနေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ညနေပိုင်းမှာ ဆယ်ပင်ရွာကိုလေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ တုံကုန်းရွာကိုလည်း စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းဝင်ပြီး အိမ်တွေကိုမီးရှို့နေတယ်လို့ သိရတယ်။ ထိခိုက်ပျက်ဆီးမှုတွေတော့ မသိရသေးဘူးခင်ဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက် ရရှိထားတာဖြစ်ပါတယ်။