မတ္တရာမြို့အရှေ့ပိုင်းက ကျေးရွာတွေမှာ မန္တလေး PDF နဲ့ စစ်ကောင်စီတို့အကြား နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်နေ တာကြောင့် ကျေးရွာတွေထိခိုက်ပျက်စီးမှုများနေသလို စစ်ရှောင်အရေအတွက်တွေလည်း တနေ့ထက်တနေ့ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ မန္တလေး PDF က ပြောပါတယ်။
မန္တလေး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က “မတ္တရာမြို့ အရှေ့ခြမ်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်နေတာကို ကျနော်တို့ အတည်ပြုလို့ရပါတယ်။ အသေးစိတ်အခြေအနေတွေကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ကျနော်တို့ သိမ်းထားတဲ့စခန်းတွေကို စွန့်ခွာရတာလည်း မရှိသေးပါဘူး” လို့ ပြောပါတယ်။
ဒီလို နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဟာ မန္တလေး PDF က မတ္တရာမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အခုတိုက်ပွဲဖြစ်ပွားရာနေရာတွေကို စစ်ကောင်စီက ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းနေတယ်လို့ မတ္တရာမြို့ခံတယောက်က ပြောပါတယ်။
“MDY PDF က ထိုးစစ်ဆင်လာလို့ အရှေ့ခြမ်းမှာ ချနေကြတာ။ ပျူရွာတွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ သိရတယ်။ စစ်တပ်ဘက်က နဂိုကတည်းက ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေကို စစ်ကားတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လွှတ်နေတာလည်းတွေ့ရတယ်။”
မန္တလေးတိုင်း၊ မတ္တရာမြို့ဟာ စစ်ရေးအရ အချက်အခြာကျတဲ့နေရာတခုဖြစ်ပြီး မန္တလေး PDF သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ နောင်ချိုမြို့တို့နဲ့ ဆက်သွယ်ရေးအရ အရေးပါတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။