ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အခြားအဆင့်တွေကို တဆင့်မြှင့်ရာထူးတိုးပေးကာ စစ်ကိုင်း၊ မကွေး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ပြောင်းရွှေ့ပေးနေတယ်လို့ ယာဥ်ထိန်းရဲ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မြို့ပေါ် အနေကြာတွေကို ပို့တာ၊ ရန်ကုန်က ၆ ယောက်ပါတယ်။ တပ်သားဆိုရင် ဒုတပ်ကြပ်တိုးပေးတယ်၊ ဒါပေမဲ့ မသွားချင်ကြဘူး။ စစ်ကိုင်းနဲ့ မကွေးကို ပို့တာများတယ်။ အရမ်းဆိုးတဲ့ရဲတွေ၊ လာဘ်စားတဲ့ရဲတွေဆို ရေးမြို့နယ်နဲ့ရခိုင်ကို ပို့တာ။”
တည်ငြိမ်အေးချမ်းတဲ့မြို့တွေမှာ တာဝန်ကျနေတဲ့ အနေကြာ ယာဥ်ထိန်းရဲတွေနဲ့ ငွေကြေးတောင်းခံမှုနဲ့ တပ်ဖွဲ့အတွင်း ပြစ်မှုကျူးလွန်သူတွေကို ရွေးပို့တာလို့ ပဲခူးမှ ယာဥ်ထိန်းရဲတဦးက ပြောပါတယ်။
“၈ လပိုင်းက ပဲခူးက ယာဥ်ထိန်းရဲ ၂ ယောက် စစ်ကိုင်းကို ပို့လိုက်တာ၊ ဆယ်ရက်မကြာဘူး ပစ်သတ်ခံလိုက်ရတယ်။ ဒါကြောင့် စစ်ကိုင်းဘက်ကို ဘယ်သူမှ မသွားချင်ဘူး။ မသွားချင်ရင် ငွေနဲ့လိုက်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငွေနဲ့လိုက်တဲ့သူက များနေလို့။”
စစ်တပ် အာဏာသိမ်းပြီးကတည်းက ပဋိပက္ခဖြစ်ရာနေရာတွေမှာ လက်ရှိကာလအထိ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအား မြို့ပေါ်ကို ပြောင်းရွှေ့တာဝန်ပေးသင့်တယ်လို့ ရဲမိသားစုဝင်တွေက တောင်းဆိုတာတွေလည်းရှိပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အနေကြာ ယာဥ်ထိန်းရဲတွေကို စက်တင်ဘာလ ၃၀ ရက်မှ စတင်ကာ ပြောင်းရွှေ့တာဝန်ပေးနေတာလို့ ရဲအသိုက်အဝန်းက သိရပါတယ်။