Home
နိုင်ငံတကာ
အစ္စရေးတိုက်ခိုက်မှုကြောင့် ဘေရွတ်တွင် လူ ၂၂ ဦး သေပြီး ရာချီ ဒဏ်ရာရ
DVB
·
October 11, 2024
Photo-CCTV, CGTN

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ပေါ် ဧရိယာမှာ အောက်တိုဘာ ၁၀ ရက်က အစ္စရေးရဲ့ လောလောလတ်လတ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အနည်းဆုံး လူ ၂၂ ယောက် သေဆုံးပြီး ၁၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်တခုကတော့ တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာ အကြီးတန်းပုဂ္ဂိုလ်တယောက်ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင် ဝါဖစ်ခ် ဆာဖာကို ပစ်မှတ်ထားပြီး ဘေရွတ်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ၂၀၁၉ ခုနှစ်မှာ ဝါဖစ်ခ်ဆာဖာကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပြီး သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်ဘနွန် လုံခြုံရေးအေဂျင်စီတွေနဲ့အတူ ဟစ်ဇ်ဘိုလာရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။

အဲဒီရပ်ကွက်ကို အရင်က အစ္စရေးတို့ တိုက်ခိုက်ခြင်းမရှိခဲ့ဘဲ အဲဒီရပ်ကွက်ဟာ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာဌာနချုပ်တွေကို အစ္စရေးက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးတွေကနေ ဝေးကွာတဲ့နေရာမှာ ရှိတာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစ္စရေးက ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပေမဲ့ သူ့စစ်တပ်ဟာ သတ်မှတ်ထားတဲ့ အဆောက်အဦတွေ အပါအဝင် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေအတွက် ကြာသပတေးနေ့ညပိုင်းမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးချက်အသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့အစောပိုင်းကလည်း အစ္စရေးက လက်ဘနွန် အရပ်သားတွေကို တိုက်ပွဲအန္တရာယ်မှ ရှောင်ရှားဖို့အတွက် တောင်ဘက်ရှိ နေအိမ်တွေဆီ မပြန်ကြဖို့လည်း သတိပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ စက်တင်ဘာ ၂၃ ရက်ကတည်းက ဟစ်ဇ်ဘိုလာနဲ့ အန္တရာယ်များတဲ့ စစ်ရေးတင်းမာမှုအတွက် မြောက်ပိုင်းမြားတွေလို့ နာမည်ပေးထားတဲ့ လေကြောင်းစစ်ဆင်ရေးတရပ်ကို လက်ဘနွန်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ခုချိန်ထိ လက်ဘနွန်ဟာ အစ္စရေးစစ်တပ်က အကြိမ်ပေါင်း ၉,၅၃၁ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လက်ဘနွန် တနိုင်ငံတည်းမှာ သေဆုံးသူ ၂,၁၆၉ ယောက်နဲ့ ဒဏ်ရာရသူ ၁၀,၂၁၂ ယောက်ရှိကြောင်း လက်ဘနွန်အစိုးရက ဒီနေ့ အစောပိုင်းက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ဘနွန်အစိုးရဟာ အခုချိန်အထိ စစ်ဘေးရှောင်ဒုက္ခသည် စခန်းပေါင်း ၁,၀၂၃ ခုကို ထူထောင်ထားပြီး အဲဒီထဲက ၈၂၂ ခုဟာ သတ်မှတ်ဦးရေ ပြည့်နေပြီဖြစ်ပါတယ်။

လက်ရှိမှာ တရားဝင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူ စစ်ဘေးဒုက္ခသည် ၁၈၆,၄၀၀ ရှိပါတယ်။

အခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ဆီးရီးယားနိုင်ငံသား ၃၁၄,၄၈၁ ယောက်နဲ့ လက်ဘနွန်နိုင်ငံသား ၁၁၁,၈၀၁ ယောက်တို့ဟာ ၂  နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ်တွေကနေ ဆီးရီးယားနိုင်ငံကို ဝင်ရောက်ခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013