အစ္စရေးနိုင်ငံ၊ ဟာဒဲရာမြို့မှာ အောက်တိုဘာ ၉ ရက်က လူ ၆ ယောက် ဒဏ်ရာရရှိသွားခဲ့ကြတဲ့ ဓားထိုးတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးရဲတပ်ဖွဲ့ဟာ မြို့လမ်းတွေမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
အစ္စရေး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနကလည်း ဒဏ်ရာရသူတွေကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး သူတို့ထဲက ၂ ယောက်မှာ ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ မော်တော်ဆိုင်ကယ် စီးနင်းလာသူတယောက်က နေရာ ၄ ခုမှာ လူ ၆ ယောက်ကို ဓားထိုးတိုက်ခိုက်ခဲ့တာလို့ ပြောကြားပြီး အကြမ်းဖက်သမားကို ထိန်းထားလိုက်ပြီလို့ ဖော်ပြထားပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေကို ရဲတပ်ဖွဲ့က ချက်ချင်းမထုတ်ပြန်ခဲ့ပါဘူး။
သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးတော့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ရဲမှူးချုပ် ဒန်နီရယ်လီဗီက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေ အားလုံးကို အပြစ်ပေးမှာပါလို့လည်း ဆိုပါတယ်။
မနှစ်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ စစ်ပွဲဖြစ်ပွားခဲ့ပြီး လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ ပဋိပက္ခတွေ ဆက်လက်ကြီးထွားလာခဲ့တာကြောင့် အစ္စရေးဟာ လုံခြုံရေးကို အဆင့်မြှင့်ပြီး တပ်လှန့်ထားပါတယ်။
Source-Reuters