အစ္စရေးစစ်တပ်ဟာ ဘေရွတ်မြို့မှာ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ ဌာနချုပ်တွေရဲ့ တပ်မှူး ဆူဟိုင်လ်-ဟူစိန်-ဟူစိန်နီကို ချေမှုန်းခဲ့ကြောင်း အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟူစိန်နီဟာ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ကြား လက်နက်လွှဲပြောင်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့တွေအကြား အဆင့်မြင့်လက်နက်တွေကို ဖြန့်ဖြူးရေးမှာ တာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူဟာ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်းစစ်ခေါင်းဆောင်များကောင်စီမှာ ဂျီဟတ်ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ကြောင်း အစ္စရေးထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဟူစိန်နီရဲ့ သေဆုံးမှုကို အတည်ပြုလိုက်ပြီ ဆိုရင်တော့ ဒါဟာ ဂါဇာမှာ အစ္စရေးကို တနှစ်ကြာ တိုက်ခိုက်နေတဲ့ ဟားမတ်စ်နဲ့ သူ့ရဲ့မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အစ္စရေးရဲ့ ဗျူဟာမြောက်ထိုးနှက်ချက်ရဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆယ်စုနှစ်တွေမှာ ဟစ်ဇ်ဘိုလာအတွက် အကြီးမားဆုံးထိုးနှက်ချက်က အစ္စရေးဟာ သူတို့ရဲ့ခေါင်းဆောင် ဟက်ဆန် နက်စ်ရယ်လာကို ပြီးခဲ့တဲ့လနှောင်းပိုင်းက ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ ဒုတိယခေါင်းဆောင် နာအီးမ် ကက်ဆမ် ကတော့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း အစ္စရေးက ပြင်းပြင်းထန်ထန် ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ သူ့ရဲ့ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့ရဲ့ စွမ်းဆောင်ရည်မှာ နဂိုအတိုင်း မချွတ်မယွင်း ဖြစ်ပြီးတော့ သူ့တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးရဲ့ မြေပြင်ကျူးကျော်မှုတွေကို ပြန်လည်တွန်းလှန်နေကြောင်း အောက်တိုဘာ ၈ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။
ကက်ဆမ်က အပစ်အခတ်ရပ်စဲရေးကို ရရှိရေးအတွက် ဟစ်ဇ်ဘိုလာရဲ့ မဟာမိတ်ဖြစ်တဲ့ ပါလီမန်ဥက္ကဋ္ဌ နာဘီး ဘာရီကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဟစ်ဇ်ဘိုလာဘက်က တောင်းဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
Source-Reuters