ယူကရိန်းစစ်ပွဲကို ၂၀၂၅ ခုနှစ်ထက် နောက်မကျစေဘဲ အဆုံးသတ်နိုင်ဖို့အတွက် စစ်မြေပြင်အခြေအနေဟာ စစ်ပွဲကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးချယ်မှု အခွင့်အလမ်းကို ဖန်တီးပေးနေတယ်လို့ အောက်တိုဘာ ၉ ရက်က ဒူဘရို့ဗ်နစ်ခ်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ယူကရိန်း-အရှေ့တောင်ဥရောပ ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောလိုက်ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ လက်ကျန်လတွေမှာ ယူကရိန်းနဲ့ သူ့မဟာမိတ်တွေဟာ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ တည်ငြိမ်မှုဆီ ကိစ္စတွေကို ရွှေ့ပြောင်းဖို့ အခွင့်အလမ်းရှိတယ်လို့လည်း ဇလန်းစကီးက ဆိုပါတယ်။
နိုဝင်ဘာလမှာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အသေးစိတ် အခြေအနေတွေကို ဖော်ပြမယ့် ငြိမ်းချမ်းရေးမူဘောင် စာရွက်စာတမ်းက အဆင်သင့်ဖြစ်နေပါပြီလို့လည်း ဇလန်းစကီးက ပြောပါတယ်။
ဇလန်းစကီးဟာ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အရှေ့တောင်ဥရောပ ၁၂ နိုင်ငံတို့ကို ယူကရိန်းရဲ့ လက်နက်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်လာပြီးနောက်မှာ ကိယက်ဗ်ဟာ ပြည်တွင်း လက်နက်ထုတ်လုပ်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယူကရိန်းဟာ အမေရိကန် အပါအဝင် သူ့ရဲ့ အဓိကမဟာမိတ်တွေရဲ့ ထောက်ပံ့မှုကို အားကိုးနေကြောင်းလည်း သူကဆိုပါတယ်။
သမ္မတဘိုင်ဒင်ရဲ့ ဦးဆောင်မှုအပြင် ဥရောပကို လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ယူဆောင်လာပေးမယ့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ တို့ရဲ့ ခိုင်မာပြီး ဉာဏ်ပညာရှိတဲ့ ခြေလှမ်းတွေကို အားကိုးပါတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲအတွက် အောင်ပွဲအစီအစဥ် ရှိနေပြီး တနိုင်ငံစီအတွက် စိတ်ချရတဲ့ တည်ငြိမ်မှုအတွက် အစီအစဥ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်လိုက်တဲ့ အခါကျရင် ရုရှားဟာ ဥရောပကို ခြိမ်းခြောက်နိုင်စွမ်း ဆုံးရှုံးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို တာဝေးပစ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် အနောက်နိုင်ငံတွေကို ဆော်ဩနေတာဖြစ်ပြီး ရုရှားတပ်တွေကလည်း ယူကရိန်းအရှေ့ဘက်မှာ ရှေ့တိုး ချီတက်လာနေတာ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေဟာ ကိယက်ဗ်ရဲ့ အနောက်ဘက်ရှိ ကာ့စ်ခ်ဒေသထဲကို အံ့အားသင့်ဖွယ်ရာ ကျူးကျော်မှု လုပ်ခဲ့ပြီးတော့ ရုရှားနယ်စပ်ရှိ နယ်မြေတွေကို ထိန်းချုပ်ထားတာ ၂ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Source-Reuters