ဒေါ်သပြေရဲ့ခင်ပွန်းဟာ စစ်သားတယောက်ဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းတော့ CDM လုပ်သွားပါတယ်။ ဒီအမှုနဲ့ပဲ အထက်အရာရှိက ဒေါ်သပြေကို သူ့ရုံးခန်းခေါ်ပြီး မေးမြန်းပါတော့တယ်။
“နင့်အမျိုးသား CDM လုပ်သွားပြီ။ နင်ပြောတော့ မသိဘူး၊ အဆက်အသွယ် မရဘူးဆို။ နင့်အမျိုးသားက အခု မီဒီယာတွေမှာ နင်နဲ့ အဆက်အသွယ်ရတယ်ဆိုပြီး ဖြေထားတယ်။ နင်နားထောင်ကြည့်” ဆိုပြီး ဒေါ်သပြေ (အမည်လွှဲ) ကို ဗိုလ်မှူးက ထိုးကြိတ်တော့မယ့် ပုံစံမျိုးနဲ့ ရုံးခန်းအတွင်းမှာ ခေါ်ယူပြီး ကြိမ်းမောင်းနေတာပါ။
အဆုံးမှာတော့ သူတို့မိသားစု တပ်ထဲကနေ ၅ ရက်အတွင်း အပြီးထွက်ပေးရမယ်ဆိုတဲ့ အမိန့် ထွက်လာပါတယ်။ သူ့မှာ သားသမီးသုံးယောက်နဲ့ မြေးကလေးတယောက် ရှိပါတယ်။ ဒီလိုနဲ့ တပ်ထဲကနေထွက်လာပြီး အိမ်ငှားဖို့ ကြိုးစားတယ်။ CDM မိသားစုဖြစ်လို့ အိမ်ရှင်တွေလည်း မငှားရဲကြတာနဲ့ အိမ်တွေ သုံးလေးအိမ် ပြောင်းခဲ့ရပါတယ်။
အဆင်မပြေတော့တဲ့အဆုံး CDM လုပ်သွားတဲ့ အမျိုးသားရှိရာ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ရပါတယ်။ မဲဆောက်ကိုရောက်ပြန်တော့လည်း အကူအညီပေးသူတွေရှိပေမဲ့ သားသမီးတွေရှေ့ရေးနဲ့ ဘဝသစ်ပြန်စဖို့ ကြုံရာအလုပ်တွေ လုပ်ကိုင်ခဲ့ရင်း သူတို့လင်မယား ဘန်ကောက်ကိုတက်ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်။
“အစ်မတို့ မဲဆောက်ရောက်တော့ ပိတောက်ဖူးအဖွဲ့က အိမ်ငှားပေးတယ်။ နှစ်လပေါ့နော်။ အဲ့မှာနေရင်း ဘန်ကောက်က အလုပ်ရှိတယ်ဆိုပြီး လာခေါ်တယ်။ ကျမတို့ ကံကောင်းတာ။ ဘန်ကောက်ကို လိုက်သွားဖို့ ပိုက်ဆံတပြားမှ မကုန်လိုက်ဘူး။ တခြားအဖွဲ့တခုက ဘတ် ၃,၀၀၀ နဲ့ ပိတောက်ဖူးအဖွဲ့က အင်္ကျီရောင်းလို့ရတဲ့ အမြတ်ကနေ ဘတ် ၃,၀၀၀ ကျမတို့ကို ကူညီပေးလိုက်တယ်။ ဘန်ကောက်မရောက်ခင်ရော ရောက်ပြီးတဲ့အထိရော ပိတောက်ဖူးအဖွဲ့က အများကြီး ကူညီခဲ့တာ”
ပိတောက်ဖူးဆိုတာ CDM လုပ်လာတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ CDM အမျိုးသမီးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာရတဲ့ အမျိုးသမီးတွေ၊ Single mother တွေ အပါအဝင် LGBT တွေကို အကူအညီပေးနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
ပိတောက်ဖူးအဖွဲ့ကို စက်တင်ဘာလ ၁၄ ရက် ၂၀၂၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ဘက် ခိုလှုံလာတဲ့ စစ်သား၊ ရဲတွေရဲ့ မိသားစုဝင်တွေ အပါအဝင် တခြားဌာနဆိုင်ရာ အသီးသီးက CDM ပြုလုပ်လာတဲ့ အမျိုးသမီးတွေကို ကူညီပေးချင်တဲ့စိတ်ကြောင့် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပိတောက်ဖူးအဖွဲ့ရဲ့ တည်ထောင်သူ မစုသစ်က ပြောပါတယ်။
“အစ်မအမျိုးသားနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်သွားတဲ့အခါ ဘဝတူအမျိုးသမီးတွေကို တွေ့တယ်။ သူတို့လည်း ခက်ခဲတယ်။ ပထမဦးဆုံးတော့ စစ်တပ်ဘက်ကသူတွေ ဘက်ကူးပြောင်းဖို့ လှုံ့ဆော်တဲ့အလုပ်တွေ လုပ်တယ်။ သူတို့ ဘက်ကူးပြောင်းလာကြပြီဆိုရင် အားလုံးကိုထားခဲ့ပြီး ထွက်လာခဲ့ရတာလေ။ ကူညီမယ့်သူမရှိဘူး။ အဲဒီလူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ စပြီးလုပ်ဖြစ်တာ”
ပိတောက်ဖူးဆိုတဲ့ အဖွဲ့အစည်း ဖြစ်လာဖို့အတွက်လည်း မလွယ်ကူခဲ့ပါဘူး။ လွတ်မြောက်နယ်မြေ တနေရာကနေ အခက်အခဲတွေကြားက တဦးတည်း စတင်ခဲ့ရတာပါ။ ထိုင်းနိုင်ငံအပြင် မြန်မာပြည်တွင်းက အခက်အခဲရှိနေတဲ့ CDM မိသားစုတွေကို ကူညီနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။
“ကျမကို ယုံကြည်တဲ့သူတွေ၊ နောက်ပြီး ဒီလိုကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်နေတဲ့ သူတွေနဲ့ တွေ့ရတယ်။ သူတို့ကတဆင့် အမျိုးသမီးအချင်းချင်း ကူညီပေးတဲ့သူတွေနဲ့ ပြန်ပြီး ချိတ်ဆက်ပေးတယ်။ အများကြီးတော့မဟုတ်ဘူး။ တဖွဲ့နှစ်ဖွဲ့ပဲ။ အဲလိုကူညီပေးတဲ့သူတွေနဲ့ ချိတ်ဆက်ပြီးမှ အလုပ်လုပ်ခဲ့ရတယ်”
ပိတောက်ဖူးအဖွဲ့မှာ အမျိုးသမီးတွေအတွက် ဘာသာစကားသင်တန်း၊ ချည်ထိုးပန်းထိုး၊ ပိုက်ဆံအိတ်ထိုး၊ Eco Printing၊ စီးပွားရေးစွန့်ဦးတီထွင် သင်တန်းတွေ အပါအဝင် အသက်မွေးဝမ်းကြောင်း သင်တန်း ၁၅ ခုအထိ ဖွင့်လှစ်သင်ကြားပေးပါတယ်။
“အခုနောက်ပိုင်း ပိုပြီး အောင်မြင်မှု၊ ယုံကြည်မှုတွေ ရလာတယ်။ သူတို့လည်း ကျမတို့ကို ယုံကြည်စိတ်ချတဲ့အခါကျတော့ ဆက်ပြီး ပံ့ပိုးကူညီပေးကြတယ်။ ကျမ လုပ်နေရင်းနဲ့ကို သူတို့ ကူညီဖို့ လိုက်လာကြတယ်။ စလုပ်တုန်းက ကျမတယောက်တည်း ထဲထဲဝင်ဝင် လုပ်ခဲ့ပေမဲ့ အခု Volunteer (စေတနာ့ဝန်ထမ်း) အနေနဲ့ ဝိုင်းကူပေးတာမျိုးတွေရှိတယ်။ နောက်ပြီး လွတ်မြောက်နယ်မြေကို ရောက်လာတဲ့ ညီမလေးတွေရှိတယ်။ သူတို့တွေ ဝိုင်းကူတယ်။ ကူညီပေးတဲ့ ဝန်ထမ်းအနေနဲ့ ဆိုရင် အခု ၁၂ ယောက်ရှိတယ်”
ပိတောက်ဖူးရဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းတွေကိုလည်း လူတန်းစားမရွေး အသက်မွေးဝမ်းကျောင်းပြုလို့ရမယ့် ပညာတွေကိုပဲ အဓိက ဦးစားပေး သင်ကြားနိုင်အောင် စဉ်းစားရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။
“သင်တန်းအတွက်ကိုလည်း ကျမတို့က စဉ်းစားရတာတွေရှိတယ်။ စက်တွေဘာတွေ ဝယ်ရတဲ့ ဟာမျိုးဆို အရင်းအနှီးများတယ်။ ချည်ထိုး၊ ပန်းထိုးလို ပညာမျိုးဆိုရင် ကိုယ့်ရဲ့လက်နဲ့ပဲ ဖန်တီးရတာဆိုတော့ အရင်းအနှီးလည်း မများဘူး။ အိမ်မှာနေပြီးတော့ပဲ ကိုယ်ဖန်တီးရင် ဖန်တီးနိုင်သလောက် ရမယ်။ အဲ့လိုတွေ သေချာစဉ်းစား ရွေးချယ်ပြီးတော့ ဖွင့်ပေးရတယ်”
ဒါ့အပြင် ပိတောက်ဖူးကနေ အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခု တတ်မြောက်ပြီး လုပ်ငန်းလုပ်ကိုင်မယ့် သူတွေကိုလည်း အရင်းအနှီးငွေ ထုတ်ပေးတာမျိုးပါ လုပ်ဆောင်ပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။ အရင်းအနှီးငွေကို လုပ်ကိုင်မယ့် လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ထိုင်းဘတ်ငွေ ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ထုတ်ပေးပါတယ်။
“သူတို့ ပလန် (လုပ်ငန်းလုပ်ကိုင်မယ့်အစီအစဉ်) ကို မေးပြီးတော့ တချို့က အိမ်ဆိုင်ဖွင့်ချင်တယ်။ တချို့က စက်ချုပ်ချင်တယ်။ တချို့က ထီရောင်းမယ်၊ အဲ့လိုမျိုးပေါ့နော်။ မျိုးစုံပဲ စီးပွားရေးကတော့။ သူတို့လုပ်မယ့် စီးပွားရေးအပေါ် မူတည်ပြီး ပိုက်ဆံချပေးတာ”
အရင်းအနှီးငွေကို စစ်သား၊ ရဲ CDM တွေရဲ့ အမျိုးသမီးတွေ၊ ဌာနဆိုင်ရာ အသီးသီးက CDM ဝန်ထမ်းတွေကို အဓိကထား ထုတ်ပေးတာပါ။ စစ်သားနဲ့ ရဲတွေကို ပြည်သူဘက် ကူးပြောင်းလာဖို့ နည်းလမ်းတမျိုးနဲ့ ဖိတ်ခေါ်တာဖြစ်သလို ကူပြောင်းလာသူတွေ ဘဝတဆစ်ချိုးမှာ အဆင်ပြေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပဲဖြစ်ပါတယ်။
“CDM လုပ်ပြီး သူတို့တွေက ဒီဘက်ရောက်လာတဲ့အခါမှာ အကုန်ထားခဲ့ပြီး ရောက်လာတာလေ။ အဲဒီတော့ ကျမတို့က သူတို့ကို အရင်းအနှီးထုတ်ပေးတယ်။ ဘာလို့ ဒီလိုလုပ်ပေးလဲဆိုတော့ ဒီဘက်ရောက်လာတဲ့အခါ သူတို့က စိတ်ဓာတ်ကျနိုင်တယ်။ ဘက်ကူးပြောင်းလာပြီး ဘဝကို အရှုံးပေးလိုက်ရာ ကျမယ်ပေါ့။ အဲ့လိုစိတ်မျိုးတွေ မဝင်စေချင်တာရယ်၊ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ တတ်စွမ်းနိုင်တဲ့ဘက်က အဆင်ပြေ အောင်မြင်စေချင်တဲ့စိတ်နဲ့ ဝိုင်းပြီး လိုက်လုပ်ပေးတဲ့ သဘောပေါ့။ နောက်တခုကကျ သူတို့ ဒီဘက်မှာ အဆင်ပြေလာတယ်ဆိုရင် ဟိုဘက်မှာကျန်ခဲ့တဲ့ စစ်သားတွေကလည်း သူတို့တွေ အသေမခံတော့ဘူး။ ဒီဘက်ကို ကူးပြောင်းကြမယ်ဆိုပြီး စဉ်းစားအောင်လို့ပါ”
ထုတ်ပေးထားတဲ့ အရင်းအနှီးငွေတွေကိုလည်း ပြန်ပေးစရာမလိုဘဲ နောက်ထပ် ထပ်ပေးနိုင်အောင် ကြိုးစားရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ လူအများကို ကူညီနိုင်ဖို့ အတွက်ကလည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါ့အပြင် ကူညီပေးတဲ့နေရာမှာ အကြမ်းမဖက်တဲ့ ဘောင်အတွင်းကနေ ကူညီနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
“ကျမတို့ကို ယုံကြည်တဲ့သူတွေကို ထပ်ပြီးယုံကြည်အောင်လို့ အများကြီး ကြိုးစားလုပ်ဆောင်ပြခဲ့တယ်။ ကျမတို့ရဲ့ လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့အရာတွေကို ဝိုင်းလုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ Non-violence ဘောင်အတွင်းကလည်း ဖြစ်ရမယ်။ နောက်ပြီး စစ်သားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်သူမှ မကူညီချင်ကြဘူး။ ဘက်ကူးပြောင်းလာတဲ့ အခါကျတော့ ဘက်ကူးပြောင်းတဲ့ အဖွဲ့တွေဆိုပြီးတော့ ကူညီချင်ကြတယ်”
အရင်က CDM စစ်သားနဲ့ ရဲတွေရဲ့ မိသားစုဝင်တွေကို အဓိကကူညီပေးခဲ့ပေမဲ့ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကာလမှာ Single mother ဖြစ်သွားရတဲ့ အမျိုးသမီးတွေ အပါအဝင် LGBT တွေကိုပါ ကူညီထောက်ပံ့ပေးနိုင်နေပါပြီ။
“ကျမတို့က CDM တွေကို ကူညီပေးနေရင်းနဲ့မှ LGBT တွေလည်း ပါလာတာပေါ့နော်။ ဒီတော်လှန်ရေးမှာ LGBT တွေလည်းပါတယ်။ Single mom တွေဆိုလည်း တူတူပါပဲ။ တချို့က ဒီတော်လှန်ရေးမှာပဲ Single mom ဖြစ်သွားကြတယ်။ သူတို့ခင်ပွန်းသည်တွေ အသက်ပေးသွားကြရတာတွေ အများကြီးပါ။ အဓိကအချက်က ကျောသားရင်သား မခွဲခြားဘဲ ကူညီပေးချင်တယ်။ Human rights ကိုလည်း အလေးထားတယ်။ အဲဒါကြောင့် အကုန်လုံးကို မျှမျှတတ ကူညီပေးမှာပါ”
နောက်ထပ်လည်း အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ ပတ်သက်တာတွေကို အဓိကထား ဆက်လက်ကူညီပေးဖို့ ရှိနေပါတယ်။ လုပ်ငန်းတခု လုပ်ကိုင်လက်စရှိနေသူတွေကိုလည်း ဆက်လက်လည်ပတ်နိုင်အောင် ပံ့ပိုးပေးမယ့်အပြင် အလုပ်မရှိသေးတဲ့သူတွေ အတွက်ကိုလည်း ပိတောက်ဖူးက ပြုလုပ်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပညာရပ်တွေ သင်ကြားပေးပြီး အကူအညီတွေပေးသွားဖို့ ရှိနေပါတယ်။
ပိတောက်ဖူးမှာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေအပြင် လစဉ် ရိက္ခာထောက်ပံ့မှုနဲ့ ကျောင်းနေကလေးတွေအတွက်လည်း ကျောင်းစရိတ်ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေလည်း ရှိပါသေးတယ်။
“ကလေးတွေပါလာရင် ကလေးတွေကို ကျောင်းစရိတ်ပေးတယ်။ တဦးကို ဘတ် ၂,၀၀၀ နဲ့ တနှစ်ကို နှစ်ခါပေးတယ်။ ရိက္ခာကိုကျ တလ တခါ ပုံစံမျိုးပေးတယ်။ အရင်ကတော့ သုံးလတခါ။ အလှူရှင်ပေါ် မူတည်တယ်။ အလှူရှင်က တလ တခါပေးရင် အမတို့လည်း တလ တခါ ပြန်ပေးတယ်။ အလှူရှင်က တလ တခါမပေးရင်တော့ အမတို့လည်း မပေးဖြစ်ဘူး”
မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး ပြည်သူဘက် ရပ်တည်လာကြတဲ့ စစ်သား၊ ရဲ အပါအဝင် ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေနဲ့ အမှန်တရားဘက်က ရပ်တည်သူတွေကို အကူအညီတွေ ပေးနိုင်အောင်လည်း ပိတောက်ဖူးအဖွဲ့အနေနဲ့ အစွမ်းကုန် ကြိုးစားပေးနေပါတယ်။
“ကျမတို့ မှန်တယ်ထင်တဲ့လမ်းကို ရွေးချယ်ပြီးတဲ့ အချိန်မှာတော့ ဘာပဲဖြစ်ဖြစ် ဆက်ကြိုးစားရမှာပဲ။ ကြိုးစားတဲ့အချိန်မှာ အကူအညီလိုတာမျိုးကို ကျမတို့အနေနဲ့ ဘက်စုံ၊ ထောင့်စုံက လုပ်ဆောင်ပေးနေပါတယ်။ တကယ်လို့ အဲလိုဖြစ်တဲ့လမ်းမှာ အခက်အခဲတွေ့ခဲ့ရင် ကျမတို့ကို ဆက်သွယ်ပါ။ ကျမတို့အနေနဲ့ တတ်နိုင်တာ၊ လုပ်ဆောင်ပေးနိုင်တာတွေ လုပ်ဆောင်ပေးမှာပါ”
ခိုင်ဝဿန်